တစ်နေ့နေ့မှာတော့ ...

on Tuesday 29 January 2013

ရာနှုန်းမပြည့်ပဲ ရွာချခဲ့တဲ့
ဘ၀မိုးစက်တွေအောက်
မေတ္တာတရား ချို့တဲ့ တဲ့ဘဝ
ဝေါဟာရတွေမပြည့်စုံသလို
အမေ သိအောင် ပြန်ရေးပြဖို့
စာရွက်တွေလဲ မလုံလောက်ခဲ့ပါဘူး။


ချောက်နှုတ်ခမ်းဘေး ကြိုးတန်းလျှောက်ခဲ့တာ ကြာပါပြီ အမေ။
တကယ်ဆို မီးတောက်တွေထဲ ခုန်ဆင်းခဲ့ရင်တောင်
ဒီလောက် ပူလောင်မယ် မထင်ဘူး။


အာစေးမိနေတဲ့ နှုတ်ခမ်းနဲ့
ကန်းချင်ယောင်ဆောင်မျက်လုံးတွေကြား
ခန္တီပါရမီ လက်ဆွဲလို့
မညီညာတဲ့ဒီလမ်းခရီးကို
ဟာတာတာရင်ခွင်နဲ့
ယိုင်တိုင်တိုင်လျှောက်နေဆဲပါ အမေ။


အသက်ရှူကြပ်တဲ့ နေ့ရက်တိုင်း
အငိုမျက်ရည် အပြုံးမျက်နှာနဲ့
ခေလှတဲ့ ကံကို အံကြိတ်ခံရင်း
မာယာလှည့်ကွက်အောက် ကျရှုံးခဲ့တဲ့ အမေ့သမီး
အခုထိ ၂၄နာရီပြဿဒါးရက်တွေကို
ချိုတစ်လှည့် ခါးတစ်လှည့် ကျော်ဖြတ်လို့
တွယ်ရစ်ခြင်းကင်းတဲ့ စိတ်တစ်ခုပိုင်ဖို့
ဆုတောင်းနေမိတယ် အမေ။


အခုဆို ရတဲ့ နောင်တတွေက ပြင်းရှလွန်းလို့
နူးညံ့ဖို့လဲ မကြိုးစားချင်တော့ဘူးအမေ။


ရာသီတစ်လှည့် တစ်ပတ်ပြည့်ရင်တော့
အသက်မဲ့တဲ့ စိတ်တစ်ခုနဲ့
ဟို အရင် ကလေးလေးလို
အမေ့ရင်ခွင် ပြန်နားခွင့်ရချင်တယ်
အားလုံးကို ပြတ်သားနိုင်တဲ့ တစ်နေ့နေ့ပေါ့...။။။

ဒီလိုပါပဲ




ဒီနေ့ကလဲ
ခါတိုင်းနေ့တွေလိုပဲ
အိမ်မက်တွေအကြောင်း ပြောတဲ့သူ ရှိတယ်
လက်တွေ့ဘ၀ကို စိတ်နာကြမယ်
မှုန်ပြာပြာ ကံတရားကိုယုံစားပြီး
ရွှေဘုံပေါ်မှာစံစားနေပေမဲ့လဲ
ရေနစ်နေတဲ့သူတွေလို
ကောက်ရိုးတစ်မျှင်ရလဲ
ဆွဲထားမဲ့သူတွေရှိတယ်...။


အရင်လိုပါပဲ
လူတချို့က
ကိုယ်စိတ်ကူးကို ကိုယ်ပြန်ရောင်းစားပြီး
လူတချို့ကတော့
သူများစိတ်ကူးတွေကို မိတ္တူပွားကြတယ်
ကိုယ်ပိုင်တံဆိပ်နှိပ်ပြီး
လူအများရဲ့ လက်ခုပ်သြဘာကို
ဟန်ဆောင်မျက်နှာဖုံးတွေတပ်ပြီး ခံယူကြမယ်...။


ဒီလိုပါပဲ
ဖြူစင်မှု ရိုးသားမှုတွေနဲ့
ကိုယ့်သမိုင်း ကိုယ်မရေးချင်မှတော့
ကောင်းကင်ကြီးကလဲ ငုံ့ကြည့်နေတယ်
မြေပြင်ကလဲ မော့ကြည့်နေတယ်
လူတွေကလဲ ပုံမှန်အတိုင်း နေကြမှာပဲ
သက်ရှိသက်မဲ့ အားလုံးက
တစ်ခွန်းထဲပဲ ပြောကြလိမ့်မယ်
ဒီလိုပါပဲ...။။။

ခံယူချက်သီအိုရီ




နေ့စွဲတွေ အနီရောင်ဖြစ်နေပါတယ်ဆိုမှ
ခပ်ပါးပါးဖိနပ်တစ်ရံက တစ်ခြမ်းပဲ့သွားသေးတယ်

ဆက်လျှောက်ကြည့်တယ်
အနားသတ်မျဉ်းဆီရောက်ဖို့
မလိုအပ်တဲ့ဇွဲခက်မှုက
ကိုယ့်ကိုယ်ကို ပြန်သတ်နေပေမဲ့
ပျော်နေတာတော့အမှန်

သစ္စာကိုအဖော်ပြုပြီး မြေကြီးထဲနေနေတဲ့သူပါ
ဒီနှလုံးသားကိုမှ ဖနောင့်နဲ့ပေါက်ခဲ့တာ
ဒီရင်ဘက်ကမှ သွေးစိမ်းရှင်ရှင်မကျရင်
ဘယ်သူက အစိမ်းသေ သေမလဲ

အေးမြခြင်းအတွက် ရေတစ်ခွက်မလိုပါဘူး
ကျနေတဲ့ချွေးထဲ ရိုးသားမှုနဲ့ သစ္စာတရားတွေပါရင်
 လုံလောက်တယ်လို့ ယုံကြည်ထားသူ

ကျေးဇူးပြုပြီး နောက်ကျောကိုတော့ ဓားနဲ့မထိုးနဲ့
မီးနဲ့သာအပြီးရှို့သွားလိုက်
လွင့်မျောသွားတဲ့ ပြာတွေထဲ
လူပီသခဲ့တယ်ဆိုတဲ့ သက်သေနဲနဲပါရင် ရပြီ။။။

ဟန်နီ့အတွက် ၁၇







အိမ်မက်တွေရိုက်ချိုးခံရဖို့ လူဖြစ်လာတာတဲ့လား ဟန်နီ
လွန်ခဲ့တဲ့ ၂နှစ်တုန်းက ၁၇ ဆိုတဲ့ ရက်တစ်ရက်ကို ခလုတ်မတိုက်ခဲ့မိရင်
ဒီနေ့ ၁၇ ရက်နေ့မှာ ဒီလို ဒဏ်ရာရလာမှာ မဟုတ်ဘူး။

ပုစ္ဆာက လက်တွေ့မကျတကျ
ကောက်ချက်တွေက အလွဲလွဲ အချော်ချော်နဲ့
ရလာတဲ့အကြွင်း သုညကို ထပ်ပြီး ထက်ပိုင်းမပိုင်းပါနဲ့ဟန်နီ
တစ်ခါတစ်လေ ချိုမြိန်တာတွေ ခါးသက်လာတယ်ဆိုတာ သက်သေပြပြီးရင် တော်ရောပေါ့။

မျိုချလို့မဖြစ် ထွေးအန်လို့မရနဲ့
ကတိသစ္စာမြဲပေမဲ့ ဆေးဖက်မ၀င်တော့တဲ့အချစ်က
အနားမညီတဲ့ လက်ခုပ်၂ဖက်ကြောင့်များလားလို့တွေးမိတယ် ဟန်နီ
ဒီအပြုံးတွေ အတုဖြစ်လာတာကို မုန်းလှပါချည်ရဲ့။

နာကျင်မှုတဲ့လား ဟန်နီ
ချောင်ပိတ်ရိုက်ခံလိုက်ရတဲ့ အစိတ်အပိုင်းက
အလျော်အစားမရှိအောင် တန်ဖိုးမြင့်သလို
တင်းလွန်းလို့ ပြတ်တာဆိုရင်တောင်
အဲ့ဒီ့ကြိုးကို ဘယ်သူအရင်စဆွဲခဲ့လဲ။

ထပ်မရမဲ့ အတူတူ အဟောင်းတွေကိုပဲ ပြန်ထူးဖော်လိုက်မယ် ဟန်နီ
အသစ်တစ်ဖန်မွေးလာမဲ့ မနက်တွေအတွက်
မျက်နှာသစ်ဖို့ မသေချာတော့တဲ့အဖြစ်
ဒီဘ၀ ဒီအမျှ မှာ ပျော်တယ် ဆိုရင်လဲ
ပေပေတေတေ နေသွားမဲ့လူတစ်ယောက်အတွက်
ဟန်နီ ရေစက်ချဖို့ မလိုအပ်တော့ပါဘူးးးးးး။။။။။။။။။။။။

နူးညံ့ခြင်းအတွက် ရတဲ့ဒဏ်ရာ





မဆီမဆိုင် ထမင်းစားရင်း သတိရတာမျိုးလဲမဟုတ်ဘူး
လွမ်းတယ်လို့ တဖွဖွပြောရင်း အမှတ်တမဲ့ မေ့သွားတာမျိုးလဲမရှိခဲ့ဘူး
သိပ်လှပါတယ်ဆိုတဲ့ မာယာတွေ ထွေးပွေ့ဖို့
ကိုယ့်ဓားရိုး ကိုယ်ပြန်ကမ်းခဲ့မိတာလေ...။


လူသားဆန်ဆန် သက်ပြင်းတွေချရင်း
နူးညံ့ခြင်းပြိုင်ပွဲအတွက် ဘာလက်နက်မှ ငါမရွေးဘူး
ရတယ်
နင့်အတွက် ဖြေဆေး
ငါ့အတွက် အိပ်ဆေးဖြစ်နေမှတော့
သေမင်းရဲ့ ဖိတ်စာကို
လက်ခံလိုက်တာ မဆန်းပါဘူး...။


စွေးစွေးနီနေတဲ့ ကျမျက်ရည်
ဘာအရောင်လဲ မမေးနဲ့
နတ်သမီးမျက်နှာဖုံးနဲ့ ပြုံးပြရုံသပ်သပ်
နီယွန်ညမီးရောင်အောက် ခိုလှုံခဲ့တာ
ဒီနှလုံးသားကိုမှ ချောင်ပိတ်ရိုက်လိုက်တော့
သက်သေပြစရာမရှိတဲ့ သက်သေအတွက်
နှုတ်ခမ်းတစ်စုံကို ခပ်တင်းတင်းစေ့ရင်း
ဒဏ်ရာတွေကို လက်ယပ်ခေါ်လိုက်မိတယ်...။


နေပါစေ
တွက်ခဲ့မိတဲ့ ဒီပုစ္ဆာ တစ်နေ့နေ့တော့ အဖြေမှန်လာမှာပါ...။။။ 


ခွင့်ပြုတယ် မောင်





စာလုံးပေါင်းခဏခဏမှားတဲ့ ၀ါကျတွေနဲ့
အနွေးဓါတ် မဲ့လာတဲ့စကားလုံးတွေသုံးတဲ့ မောင်ကြောင့်
ကြင်နာမှုရဲ့ ပြောင်းပြန်စကားလုံးကို ရေရွတ်ရင်း
မောင် များတတ်ခဲ့တဲ့မာယာတွေအောက်
ပွန်းရာပဲ့ရာတွေနဲ့ ကျွန်မ နှလုံးသားလေး ငိုနေတယ်မောင်။



ခပ်စောင်းစောင်း ပစ္စုပ္ပန်တွေနဲ့
ပြုတ်ကျလာမဲ့ အနာဂတ်ကို မျှော်လင့်ရင်း
ပြက်လုံးတစ်ခုမဟုတ်တဲ့
ရင်ထဲက ဝေဒနာတွေဖွင့်လှစ်မှုအတွက်
မောင့်ရယ်သံ ခပ်ပါးပါးတစ်ချက်အောက်
ခံစားချက်တွေ အရှင်လတ်လတ်အသတ်ခံရတယ် မောင်။


မောင့်ချန်ရစ်ခဲ့တဲ့ ဝေဒနာတွေကြောင့်
ရင်ထဲမှာ  ပန်းတွေပွင့်နေတာမဟုတ်ပေမဲ့
မောင့်အတွက်ပါမစ်ကို ထာဝရအနေနဲ့ခွင့်ပြုလိုက်တယ်။


မောင်..သွားပါ။
မောင်..သွားလိုက်ပါ။
ကျွန်မရဲ့ငိုသံတွေကို လမ်းခင်းပြီး
တိမ်တိုက်ကလေးလို မောင် သွားလိုက်ပါတော့။


ပြင်ဆင်မထားမိတဲ့ ဒဏ်ရာတွေကို ပွေ့ပိုက်ရင်း
ကုန်းကောက်လို့မရတော့တဲ့ စိတ်ဓာတ်တွေနဲ့ အသက်ရှုရင်း
ရင်နာနာနဲ့ ကိုယ့်နှလုံးသား ကိုယ်ပြန်သဂြိုဟ်ရင်း
ကျွန်မ နေရစ်ခဲ့ပါတယ် မောင်။။။။။။။။။။။။။။။။။။။။။။။။။

အရှုံးသမား

on Monday 28 January 2013


သူ လွှတ်ခနဲ ပြောထွက်ခဲ့တဲ့
ကတိသေးသေးလေးကို
ထားစရာနေရာမရှိလို့
ယောင်ယက်ခတ်နေတဲ့အဖြစ်
အခုတော့
ပျားရည်နဲ့ဝမ်းချလိုက်သလို ပဲ။
မဖိတ်ခေါ်ပဲနဲ့
ရင်ဘက်ထဲ ဒဏ်ရာတွေ
ကျူးကျော်ဝင်ရောက်လာကုန်တယ်။


တကယ်တမ်းကျ
အာခံတွင်းထဲ ထည့်ငုံထားခါမှ
မွန်းကျပ်လို့ထွက်ပြေးတယ် ဆိုသလို
ဒီအချစ်တွေ
မှတ်တမ်းမ၀င်ခဲ့ပါလား။


ခမ်းနားလွန်းတဲ့ မျှော်လင့်ချက်တွေအတွက်
သွေးရူးသွေးတန်း မအော်ခဲ့မိပါဘူး
ဒါပေမဲ့
အတွေးတွေ ချာချာလည်နေတုန်းပဲ။


အခုဆို
မရဲတရဲကြည့်ဖို့တောင်
အခွင့်မရှိတော့တဲ့ ဘဝ
ဒီမှာ အလွမ်းတွေနဲ့
ငါက
ခပ်ယဲ့ယဲ့လေးပဲ ပြုံးနိုင်တော့တယ်။
ဒီပွဲရလဒ် ဒိုင်စားခဲ့တာဆိုရင်
သေချာတယ်
ငါ လှလှပပ အရှုံးပေးလိုက်ရတာ။။။

ကဗျာမဟုတ်တဲ့ကဗျာ





အဲ့ဒီနေ့က မိုးမရွာခဲ့ပါဘူး
ခပ်ပြင်းပြင်းစကားတစ်ချက်
ဘာတဲ့
တစ်ဘ၀လုံးစာအပြီး တဲ့လား
အနားနားကပ်ပြီး ပြောတာမဟုတ်ပေမဲ့
မတိုးမကျယ်စကားသံအောက်
လက်နက်ကြီးနဲ့ ရင်ဘက်ကို ထုချလိုက်သလိုပဲ
အသဲကွဲတယ်ဆိုတာတောင် မသိလိုက်ခင်
ဘုန်းခနဲလဲသွားတဲ့ ဒီနှလုံးသား။

 
တရေးနိုးတိုင်း
တောက် တစ်ချက်ခေါက်လိုက် စဉ်းစားလိုက်နဲ့
ဘယ်မှာလဲ အဖြေ
ဘယ်မှာလဲ အမှန်တရား
ဘယ်မှာလဲ
ဘယ်မှာလဲ
ဒါ အချစ်တစ်ခုရဲ့ရလဒ်တစ်ခုလား။

 
ငါလိုချင်တဲ့ ဘဝ
ငါဖြစ်ချင်တဲ့ ဆန္ဒ
ငါ ဆိုတဲ့ အတ္တကိုစွဲကိုင်ထားပေမဲ့
အလျှော့ပေးမှန်းမသိ အလျှော့ပေးရင်း
အခုဆို
ဒီအချစ်ခံစားချက်တွေရှိနေသေးပေမဲ့
စုံတွဲတွေမြင်တိုင်း
သတ်ပစ်ချင်စိတ်ပေါ်လာတယ်။

 
နင်မှန်ပါတယ် 
နင်ရက်စက်ခဲ့တာ အမာရွတ်ကျန်ရုံမကဘူး
စိတ်ဓာတ်ပါ ပျက်သွားတာ
နင်မသိနိုင်ပါဘူး
လောကကိုခပ်ပေပေကြည့်ရင်း
စာမျက်နှာ ၁၅ သီချင်းပဲ ငါဆိုနေတယ်။။။။။

ရက်ပေါင်း၃၀ပြည့်ကျောက်တိုင်



ဘာကိုမှ ကြီးကြီးကျယ်ကျယ် မတွေးမိပေမဲ့
ကိုးကွယ်မိတဲ့ အချစ်က ခမ်းနားလွန်းနေပြန်တော့
ဟားတိုက်လှောင်ရယ်လို့ မဆုံးနိုင်ဘူးလားကွယ်...။


တကယ်ပါ
တစ်ကိုယ်လုံးပျံ့နှံ့နေပေမဲ့
ဒီအဆိပ်တွေ ဖယ်ရှားဖို့
ဒီရင်ဘက်က ခွင့်မပြုဘူးလေ...။


ရက်ပေါင်း၃၀ ဆိုတာ ၂နှစ်စာအိမ်မက်တွေကိုမေ့ဖို့လွယ်သတဲ့လား...။
  ဒဏ်ရာအတွက် အမာရွတ်ကိုတော့ ပျောက်အောင် မလုပ်ချင်ပါဘူး...။


အတွေးပေါင်းစုံကို ရေတွက်ကြည့်မယ်ဆိုရင်
၉၉ရာခိုင်နှုန်း က ပုတ်ပွနေတဲ့ နှလုံးသားရဲ့ အလွမ်းတွေဖြစ်နေလို့
ကြာရင် ရူးမယ် လို့မပြောတော့ဘူး
လူမသိ သူမသိ မျက်ရည်တွေပဲ ကျတော့မယ်...။


ယုံကြည်လိုက်ပါ...။
တကယ်လို့ စိတ်ကူးတွေသာ
အကောင်အထည်ဖော်ခွင့်ရမယ်ဆို
သစ္စာကို သစ္စာမှန်းမသိသူအားလုံး
သေဒဏ်ပေးပစ်လိုက်မယ်...။။။။။

ဘယ်သစ္စာကိုခြုံ လုံမှာတဲ့လဲ



ကံကြမ္မာက ကျနော့်ဘက် မီးမလင်းတဲ့အချိန်
ဟိုး....အဝေးကမြှား
ရင်ဘက်တည့်တည့် နန်းစိုက်ခဲ့လို့
ဒီအပြုံးတုတွေ မွေးဖွားရင်း
နေ့ရယ်ညရယ် မကွဲပြားတော့ပဲ
ကျနော် ဗီလိန် တစ်ယောက်ဖြစ်ခဲ့တယ်...။

 
ခဏခဏခြစားခံရတဲ့ သံယောဇဉ်တွေနဲ့
မခိုင့်တခိုင် နှောင်ကြိုးတွေပေါင်းပေမဲ့လဲ
အိမ်မက်ထဲမှာတောင်
ခါးခါးသီးသီးဘ၀မို့
အပြုစားခံရသလို ကျနော့်ဘဝ
ကိုယ့်နံရိုးကိုသာ ကိုယ် ပြန်ချိုးပစ်ချင်မိတယ်...။

 
အလင်းမသိသူတော့ မဟုတ်ခဲ့ဘူး
အမှောင်ထဲမှာပဲ ဒဏ်ရာဒဏ်ချက် အစင်းစင်းနဲ့
မီးညွှန့်မီးတောက်တွေကို ကျနော်ကိုယ်တိုင် မွေးဖွားခဲ့တာ
ဟုတ်တယ်
ကျနော်က အချစ်ဗီလိန် အချစ်ရူးသမား...။

 
သချာင်္နားမလည်ပေမဲ့
၁၅၀၀မှာတော့ သစ္စာတွေပါတယ်လို့
ယုံကြည်မိတဲ့ကျနော်
ဖြေစမ်းပါ
အချစ်ဦးကြောင့်ဗီလိန်ဖြစ်နေမှတော့
ဘယ် သစ္စာကိုခြုံ လုံမှာတဲ့လဲ...။။။။။

ရိုးမြေကျ

on Thursday 24 January 2013


စကားလုံးတွေမပြောင်မြောက်ခဲ့ဘူး
ရင်ဘက်ချင်းနီးမယ်ထင်တဲ့ စိတ်တစ်ခုနဲ့
စီးချင်းတိုက်ပွဲ ၀င်ခဲ့မိတာ
ဒုက္ခက အရှင်ဘုရင်ဆို
ဟာသကို မိဖုရားနေရာထားလို့
ရင်ထဲငိုနေပေမဲ့
အပြုံးတွေတပ်ဆင်ပြီး
come on လို့ ကံကြမ္မာကို စိန်ခေါ်ခဲ့တာ အကြိမ်ကြိမ်။


နေပူရင် သာယာတယ်
မိုးရွာရင် အေးချမ်းတယ်
နှင်းကျရင် လှပတယ် ဆိုတဲ့
ခပ်တုံးတုံးအတွေးထဲက
ခပ်ရိုးရိုး စကားတွေပဲ ပြောဖြစ်ပေမဲ့
တစ်ခါတစ်လေ အဲဒီ့စကားလုံးတွေကပဲ
မနက်ဖြန်အတွက် နံရိုးတစ်ချောင်းဖြစ်နေတတ်တယ်။


အမှိုက်လဲအတူတူကောက်မယ်
ပန်းကန်လဲအတူတူဆေးမယ်
ရန်ဖြစ်ချင်တဲ့အခါ စကားလုံးတွေမနာကျည်းအောင်ဂရုစိုက်ရင်း
ကျောကိုထုပစ်လိုက်တယ်
ခံတဲ့သူလဲ ပြုံးပြုံးလေးပဲ
ဒီလို လောဘ ဒေါသ မောဟ တွေနဲ့ ကျင်လည်နေရင်း
ဓမ္မစက်အောက် အတူတူခိုဝင်ဖို့လဲ မမေ့ခဲ့ဘူး။


အခုလို အသက်မျှင်းမျှင်းရှုနေတဲ့အချိန်အတွင်းတော့
အားအင်တွေမဲ့နေလဲ
သာယာတဲ့အပြုံးချင်းဖလှယ်ပြီး
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်လို့
ရေတစ်စက်ပဲ ကျန်ပါစေ
အတူတူမျှဝေသောက်မယ်။


ငယ်ချစ်ဦးမို့ လွမ်းခွေပန်းခြင်းချရင်လဲ အတူတူဖြစ်ချင်တယ်...။။။

အရင် ရင်ဘက်နဲ့ ရေးတဲ့ကဗျာ


တီးတိုးပဲ့တင်သံကို ပြန်ကြားယောင်တော့
ဝေးခဲ့တာ ရက်ပေါင်းတော်တော်ကြာမှန်း သတိထားမိတယ်...။


တကယ်ဆိုချစ်ခဲ့တာ အရိုးအရှင်းဆုံးအပြုအမူပါ
ဒီလိုအချစ်တွေ အငွေ့ပြန်သွားမယ် မသိခဲ့လို့
နင်ပေးမဲ့ အတွင်းဒဏ်ရာအတွက်
ခံတပ်တစ်ခုကို မတည်ဆောက်ခဲ့မိဘူး...။


တံခါးမခေါက် ၀င်လာခဲ့တာလဲ နင်ပဲ
ခြေရာဖျောက် နှလုံးသားပါ မ သွားတာလဲ နင်ပဲ...။


ငါ့အတွက် ကျန်ခဲ့တာ လှိုက်ငင်ပူဆွေးသံတစ်ခု
ပြောရရင် အချစ်ကိုပြန်လည်တောင်းတတာပေါ့...။


အိမ်မက်ကြီးကြီးမက်ဖို့ မသေချာသေးပါဘူး
ဒီဘ၀မှာ နင်ထားခဲ့တဲ့ပုံစံအတိုင်း နေနေရတယ်
ဒါကြောင့် မမေ့နိုင်လို့ ဒီကဗျာလေးတစ်ပုဒ်
အရင်ရင်ဘက်နဲ့ ချရေးမိတယ်...။။။