အရောင်မဲ့မျှော်လင့်ခြင်း

on Monday 29 April 2013

နင်တားထားတဲ့စည်းအတွင်းမှာပဲ
မျက်စိမှိတ်ပြီး ရပ်နေတဲ့သူပါဟာ
တစ်ခါတစ်လေလေးတောင် လွမ်းခွင့်မရှိအောင်
ငါ့နှလုံးသားက တော်မ၀င်လို့လား...

 
ခိုးခိုးပြီးတွယ်တာ
ခိုးခိုးပြီးလွမ်း
ခိုးခိုးပြီးထားနေရတဲ့ ငါ့သံယောဇဉ်တွေက
အသုံးမကျဘူးပဲထားလိုက်
ဒါပေမဲ့
နင်မသိလဲငါ့ကိုယ်ငါ အပြစ်တွေပေးနေမှာပဲ
ငါ့ကနောက်ဆုံးမှာကျန်ခဲ့မဲ့သူဆိုတာ
နင်ပြောစရာမလိုလောက်အောင်
ငါ့ကိုယ်ငါဝန်ခံပြီးသားပါ...


အခုလိုကယောင်ခြောက်ခြားပြောနေတဲ့
ငါ့စကားလုံးတွေက
နင့်အတွက်ရယ်စရာဖြစ်နေဦးမှာပဲ
ဟုတ်ပါတယ်
လိုအပ်မှု ခြားနားမှုတွေနဲ့
လူ့လောကရဲ့
သေချာခေါင်းစဉ်တပ်စရာမလိုတဲ့
စည်းမျဉ်းစည်းကမ်းတွေကြားမှာ
ငါလဲအမြဲရူးနေရမှာပဲ
စမ်းသပ်ကြည့်စရာမလိုပါဘူးဟာ
အမြဲလိုလိုခေါင်းငုံ့ထားလဲ
သံယောဇဉ်တွေပြောင်းသွားတာမှမဟုတ်တာ
နင်အသိအမှတ်မပြုလဲ
ငါတိတ်တိတ်လေးပါပဲ...


နင်မပေးချင်ပေးချင် ပေးခဲ့တဲ့ ဂရုစိုက်မှုတွေကိုပဲ
ငါမြတ်နိုးနေမိတာ
သတိတွေရနေမိတာ
နင်သိလား
အမှတ်တမဲ့နဲ့နင်ပြောထွက်တတ်တဲ့
အရိပ်အငွေ့လေးတွေကို
တစ်သက်လုံးစာအတွက်
ငါက အပိုင်သိမ်းဆည်းထားချင်တာ
နင်မကြည်ဖြူတာကို သိသိရက်နဲ့ပေါ့...


ဝေးဝေးမှာနေလဲ
ငါ့စိတ်ထဲနီးသလိုပဲထင်နေတာ
လူတွေက၀ိုင်းပြောလဲ
ငါ့စိတ်ထဲဘာမှကိုမခံစားဖြစ်တာ
ပြောရရင်
နင်နဲ့အဆင်ပြေတိုင်း
နင့်အကြောင်းလေးတွေတွေးရင်း
အမြဲလိုလိုပြုံးနေတဲ့င့ါနှုတ်ခမ်းတွေ
ငါ့အပြုံးတွေ
ဘာတစ်ခုမှဟန်ဆောင်တာမပါဘူး သိလား
ငါက ထိလွယ်ခိုက်လွယ်ခံစားလွယ်တယ်ဆိုတာ
ငါရေးတဲ့စကားလုံးတိုင်းက သက်သေပါ...


ငါဘာမှအသုံးမကျဘူး
ငါဘာမှအားကိုးမရဘူး
ငါ...
ငါ...
ဒါပေမဲ့
အရမ်းဆိုးတဲ့ငါက
နင့်အတွက်ဆိုပြီး တဖြည်းဖြည်းချင်းလိမ္မာနေပါတယ်ဟာ
အဲ့လိုလိမ္မာချင်နေတဲ့ငါ့အတွက်
နင်ဘက်ကဘာမှမလိုက်လျောလဲ
နင်မထိခိုက်အောင် ငါမျှော်လင့်ချင်တယ်...။။။

 
 (စိတ်ရူးပေါက်ပြီးရေးချင်ရာရေးသည်)

ဒဏ်ရာတွေနဲ့အတူတူ ပြန်လည်မျှော်လင့်မိခြင်း

on Friday 12 April 2013
မောင်ရေ
လက်ချိုးမရေထားလဲ
တစ်ရွက်ပြီးတစ်ရွက် တဖြုတ်ဖြုတ်ကြွေလာတဲ့ ရက်စွဲတွေကြားထဲ
တန်ခူးလေရဲ့ နွေဦးအလွမ်းကို
ရင်နာနာနဲ့တဖန်ပြန်ပြီး ခံစားနေရပြန်ပြီ။


မောင်မှတ်မိမလား
ရိုးမြေကျပေါင်းဖို့ စာလုံးတွေအတူတူ ချရေးဖူးတာတွေလေ
အခုတော့
ဝေးဝေးကိုလွင့်ထွက်သွားခဲ့တဲ့
မောင်ရဲ့ သစ္စာတရားဝါကျတွေကို
ကျွန်မဘယ်လိုမှ ပြန်လည်မသိမ်းပိုက်နိုင်ပါလားကွယ်။


မောင့်အပေါ် ဘယ်တော့မှ အပြစ်မမြင်ရက်လဲ
ကျွန်မကိုယ်ကျွန်မ နှိပ်စက်လို့မ၀သေးဘူး
မောင်ရယ်
ကျန်နေခဲ့သူကျွန်မက အခုအချိန်ထိ မရင့်ကျက်သေးပဲ
အချစ်ဆိုတာကို မကိုးကွယ်ပဲ မနေနိုင်သေးတာ
မောင်သိရဲ့လား။


ကျွန်မ မမှားလဲ မောင့်အပေါ် ထပ်ခါထပ်ခါတောင်းပန်တတ်တဲ့
မောင့်အပေါ် မျက်စိမှိတ်နားလည်ပေးတတ်တဲ့ကျွန်မက
ခပ်တုံးတုံးမိန်းမတစ်ယောက်တဲ့လား
အရမ်းသ၀န်တိုမှ အချစ်လို့သတ်မှတ်မှာလားမောင်ရယ်။


ပြောပိုင်ခွင့်မပေးထားလဲ 
မောင်ပြန်လာပါလားလို့ ကျွန်မပြောချင်လိုက်တာ
မောင်လက်ပြခဲ့ပေမဲ့
ကျွန်မဘက်က ပြန်လာမလားလို့ထင်နေခဲ့တာ
အခုဆို
နှစ်ပတ်လည်နွေပါတီရောက်လာပြန်ပြီ
မောင်အခုထိ ကိုယ်ယောင်ဖျောက်ကောင်းတုန်းပဲနော်။


မောင်ရေ
ကျွန်မရဲ့အလွမ်းတွေကြောင့် မောင့်ကို တစ်ခါထပ်ပြီး တောင်းပန်လိုက်ဦးမယ်
တစ်ခုတော့ရှိတယ် မောင်
မောင်ပျံသန်းလို့ဝရင် 
ကျွန်မအရိပ်ထဲပြန်နားခိုလှည့်ပါ
အခုအချိန်မှာ
ကျွန်မက နွေသစ်ပင်ဖြစ်နေပေမဲ့
မောင့်အတွက်ဆို
ကျွန်မက ပုံစံချက်ချင်းပြောင်းလဲပြီး
အေးမြမှု၊ နွေးထွေးမှုတွေကိုပြန်လည်ထုတ်ပေးမှာပါ
ရင်ထဲကဒဏ်ရာတွေအတွက် ဗွေမယူပဲနဲ့ပေါ့။။။။။

အချစ်တွေနဲ့နှုတ်ဆက်ထွက်ခွါသူ


ဒီနေ့မနက်က မိုးတွေ သည်းသည်းမဲမဲရွာတယ် မောင်။

တကယ်လို့ ရုတ်တရက်မိုးချိန်သံကိုသာ မေ မကြားရဘူးဆိုရင် မေ့ စိတ်ကူးထဲမှာ မောင်နဲ့မေ ချစ်သူဖြစ်နေတုန်းပဲလို့ မေ ထင်မိမှာပဲ။

အခုတော့ မေ့ အခန်းပြတင်းပေါက်ကနေ အဝေးကို လှမ်းကြည့်ပြီး စိတ်ကူးထဲ မျောလွင့်နေတဲ့မေ့ကို မိုးချိန်းသံတစ်ခုက မေနဲ့မောင် ဝေးကွာခဲ့ပြီ ဆိုတာကို သတိပေးသလို ဖြစ်နေတယ်။

ဟုတ်တာပေါ့လေ။

တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေအောက်မှာ စတင်ဆုံတွေ့ခဲ့ပြီး လေပြင်းတွေတိုက် မိုးတွေချိန်း လျှပ်စီးတွေလက်တဲ့ အပြင်းစားမိုးရေတွေအောက်မှာပဲ မေနဲ့မောင် လမ်းခွဲခဲ့တာ။

ဒီနေ့က မထင်မှတ်ပဲ မိုးတွေရွာတဲ့နေ့။ အမှတ်တမဲ့ဖြစ်နေတဲ့ မေနဲ့မောင် လမ်းခွဲတာတစ်နှစ်ပြည့်တာနေ့။

၁နှစ်ရှိပြီ။

၁၂လရှိပြီ။

၃၆၅ရက်ရှိပြီ။

"မောင် မရှိရင် မေ ဘယ်လိုနေရမလဲ"

လို့ အမြဲတမ်းမောင့်အပေါ် ချွဲချွဲနွဲ့နွဲ့ ပြောခဲ့ပေမဲ့ အခုတော့ မောင်မရှိတဲ့ ကာလတွေမှာ ပုံမှန်ထက် နဲနဲလေးလွဲနေတဲ့ နေထိုင်မှု ပုံစံနဲ့ မေ ရပ်တည်ခဲ့ပါတယ်။

နေရာကတော့ စိမ်းလန်းသာယာတဲ့ ပြင်ဦးလွင်မြို့လေးမှာပေါ့။

မေ့ စိတ်တွေ ပျော်နေမယ်လို့များ မောင် ထင်နေမလားကွယ်။
***********************************************************************************************
အဲဒီနေ့က မိုးဖွဲဖွဲလေးရွာနေတယ်။

MD က အစည်းအဝေးရှိတယ်ပြောလို့ မေတို့ ၀န်ထမ်းတွေအားလုံး meeting room ထဲမှာ ထိုင်နေကြတယ်။

ခဏနေတော့ MD နဲ့အတူတူ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ပုဆိုးနဲ့အော်တာရှပ်ကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မောင် တို့ meeting room ထဲဝင်လာကြတယ်။

MD ရဲ့ မိတ်ဆက်ပေးမှုကြောင့် မောင်က MD ရဲ့ တူအရင်းဖြစ်တယ်ဆိုတာရယ် မေတို့ စာရင်းစစ်ဌာနမှာ အဖွဲ့မှူး ခေါင်းဆောင်အနေနဲ့ အလုပ်ဝင်မယ် ဆိုတာတွေပါ သိလာရတယ်။

မှတ်မှတ်ရရ အဲ့နေ့က မိုးဖွဲဖွဲလေးရွာနေသလို မောင့်နာမည်ကလဲ မိုးစက်နိုင် တဲ့။

သီရိမေ ဆိုတဲ့ မေ့ကို သူများတွေ ခေါ်သလို သီရိလို့ မခေါ်ပဲ မေ လို့ခေါ်ပြီး မိတ်ဖွဲ့လာတဲ့မောင့်ကြောင့် ရုံးက လူတွေကပါ သီရိ ကနေ မေ လို့ ပြောင်းလဲပြီးခေါ်ကြသလို မောင်နဲ့မေ့ကို ရှေ့တင်ရော ကွယ်ရာပါ စနောက်တတ်ကြတာ။

ဘယ်တော့မဆို ရိုးရိုးအေးအေးနဲ့ စကားကို ချိုချိုသာသာပြောတတ်တဲ့ မောင်နဲ့ အလိုမကျတိုင်းဂျစ်ကန်ကန်စူပုတ်ပုတ်မျက်နှာထားမျိုး လုပ်တတ်တဲ့မေ့ တို့၂ယောက် အကျင့်စရိုက် မတူပေမဲ့ ချစ်သူတွေ ဖြစ်ခဲ့တာ။

"မေ့ကို ဘာလို့ချစ်တာမောင်"

ဟုမေးတိုင်း

"မေရဲ့ ထောင့်မကျိုးတဲ့ ပုံစံလေးကို အသည်းယားပြီး ချစ်တာ"

ဆိုပြီး ပြန်ဖြေတတ်တဲ့ မောင်ပါ။
***********************************************************************************************
မေ တို့၂ယောက် စရိုက်မတူမှန်း အစကတည်းက မောင်ရော မေပါ သိနေခဲ့တာ။

ဖတဆိုးသမီးလေးမို့လို့ အိမ်က အမေနဲ့အဒေါ်တွေ ကြားထဲမှာ ဆိုးချင်သလိုဆိုးနွဲ့နေတဲ့ မေနဲ့ စည်းကမ်းတင်းကျပ်သော ကျောင်းဆရာ ဆရာမ လင်မယားရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ မောင် ဟာ အလွန်ပဲ ချစ်သူကို ချစ်မြတ်နိုးတတ်တဲ့ ယောက်ျားတစ်ယောက်ပါ။

မေ ဂျီကျ ဆိုးနွဲ့သမျှ မောင်သည်းခံခဲ့တာ။ မေ စိတ်တိုတိုင်း လူကြားမရှောင် သူကြားမရှောင် ကျောခုံးကို ထုရိုက်သမျှ အပြုံးမပျက် မောင် နေနေခဲ့တာ။ မေ ဘယ်လောက်ပဲ အော်ဟစ်သမျှ မောင် အပြစ်မမြင်ခဲ့တာ။

မေကတော့မောင့်အမြင်မှာ.. ပတ်ဝန်းကျင် အမြင်မှာ လူဆိုးမလေး တစ်ယောက်ပေါ့။

ဒါပေမဲ့ မောင်.. မေ..မေလေ.. မောင့်တစ်ယောက်ထဲ ကိုသာ ချစ်တာပါ။
***********************************************************************************************
အခုဆို မေ စောစောစီးစီး အိပ်ရာထတတ်နေပြီ မောင်။

ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်ရင်း မနက်ခင်းရဲ့အရသာကို ပြည့်ပြည့်၀၀ ခံစားတတ်နေပြီ။

အရင်ကဆို ရန်ကုန်မှာနေတုန်းက မောင်ပဲ မေ့ကို မနက်တိုင်း ဖုန်းဆက်နှိုးတာတောင် မေ အိပ်ရာက မထချင်ခဲ့ဘူးလေ။

"အိပ်ရာထတော့ မေ .. မောင်တို့ ကန်တော်ကြီးတစ်ပတ် လမ်းလျှောက်ရအောင်"

လို့ မောင်ပြောတိုင်း

"အာ ကျွတ်.. မောင်ကလဲ.. ဒီမှာအိပ်လို့ကောင်းနေတာကို.. မလိုက်ဘူးကွာ.. လမ်းလဲ မလျှောက်ချင်ဘူး"

ဆိုပြီး စောစောစီးစီးဖုန်းဆက်နှိုးတတ်တဲ့ မောင့်ကို ဒေါသတကြီး အော်ပြောတဲ့ မေ့အသံတွေက မောင့်နားထဲ မချိုမြိန်ခဲ့ဘူးဆိုတာ မေ သိပါတယ်။

မနက်ခင်း အိပ်ရာစောစောထပြီး လမ်းလျှောက်တာ ကျန်းမာရေးနဲ့ ညီညွှတ်ကြောင်း ကိုယ်ရောစိတ်ပါ လန်းဆန်းစေကြောင်း ကန်တော်ကြီးကနေ ရွှေတိဂုံဘုရားကို ဖူးမျှော်ရတာ ဘယ်လောက်တောင် စိတ်ကိုငြိမ်းချမ်းစေကြောင်း စတဲ့ မောင်ရဲ့ စကားသံတွေကလဲ ဟိုတုန်းက မေရဲ့ နားထဲမှာ ဆူညံတယ်လို့ထင်ခဲ့တာ။

"မေ မနက်စောစော လမ်းလျှောက်မယ်နော်"

"အစားကို ပုံမှန်စား နောက်ပြီး အချဉ်အစပ်တွေ မစားနဲ့ မေ ခဏခဏ ဗိုက်အောင့်တာ မောင် မကြိုက်ဘူး မောင့်ကိုချစ်ရင် မောင့်စကားကို နားထောင်နော်"

"မေ ရခိုင်မုန့်တီကို အဲလို ငရုတ်သီးတွေနဲ့ မသောက်ရဘူး"

"ဟာကွာ..မေရာ.. အဲဒါတွေ မစားပါနဲ့ဆိုတာကို..ပေး.. လွှင့်ပစ်မယ်"

"မေ ညဆို..ဘုရားရှိခိုးပြီးမှ အိပ်နော်.."

စတဲ့

မောင်ရဲ့ စကားတွေကို ရှုံမဲ့မဲ့မျက်နှာနဲ့နားထောင်ပြီး နှုတ်ခမ်းစူ ပုတ်ပွနေတဲ့မျက်နှာနဲ့ မေ့ကို မောင်က
"မေက ကလေးလဲ မဟုတ်ဘူး..မောင့်ထက် အသက် ၂နှစ်လဲ ကြီးတယ်..ဒါတောင် မေက
ကလေးဆန်နေတုန်းပဲ.. ဘာဖြစ်ဖြစ် မေ ကလေးဆန်တာ ချစ်ဖို့ကောင်းတယ်.. သိလား"

လို့ ပြောခဲ့တာတွေ မေ့ နားထဲ အခုထိ ကြားယောင်နေတုန်းပဲမောင်။
***********************************************************************************************
မေလေ.. မေနဲ့မောင့်ရဲ့ ခရီးလမ်းဟာ သိပ်ကိုသာယာမယ်.. ကြည်နူးမယ်လို့ ထင်ခဲ့တာ။

ဘ၀ဆိုတာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းမဖြစ်တာ အခုမှ မေ လက်ခံရတော့မယ် မောင်။

အဲ့ဒီနေ့က မေ သိပ်ကို အံ့သြတုန်လှုပ်ခဲ့တယ် သိလား...။

တစ်နေကုန် မေ့ စိတ်တွေ ဂယောက်ချောက်ချား ဖြစ်နေခဲ့တာ။

မောင် နဲ့ လမ်းခွဲဖို့ မေ ဘယ်တုန်းကမှ စိတ်မကူးပေမဲ့ အဲ့ဒီနေ့က မေ မောင့်ကို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ။
မောင် ကတော့ ထင်နေမှာပဲ။

မေဟာ ယုတ်ညံ့တဲ့၊ သစ္စာမရှိတဲ့ မိန်းမတစ်ယောက်ဆိုတာ။

အမှန်တော့ မောင့်ကို မေ က ထားရစ်ခဲ့တာ မဟုတ်ပါဘူး။

မေ က သာ နေရစ်ခဲ့ရသူပါ။

ဖြစ်ချင်တော့ အဲဒီ့နေ့က မိုးတွေ သည်းသည်းမဲမဲရွာနေတာ။

မောင့်ကို စောစောစီးစီး မေကပဲ ဖုန်းဆက်နှိုးလိုက်တာ။

"မောင်ရေထတော့.. မေ တို့လမ်းလျှောက်ရအောင်"

"ဟာ..မေ.. ဒါက မိုးတွင်းကြီးလေ.. ဘယ်လိုလမ်းလျှောက်မလဲ"

"အာ..မရဘူး.. မိုးကာအင်္ကျီဝတ် ထီးဆောင်းပြီး လမ်းလျှောက်မယ်.. ဒါပဲ.."

ဆိုပြီး ပြောချင်ရာပြောပြီး ဖုန်းကို ဂွပ်ခနဲ မြည်အောင်ချလိုက်တဲ့ မေ့ဟာ မောင့်အပေါ် နောက်ဆုံးအနေနဲ့ ဆိုးနွဲ့ခြင်းဆိုတာ မောင် ရိပ်မိမှာ မဟုတ်ဘူး။

ကန်တော်ကြီးက ခုံတန်းလျားလေးမှာ မေနဲ့ ညီညီ ထိုင်နေတာ ၁၅မိနစ်ကျော်မှ မောင် ရောက်လာတယ်။
မိုးကာ အပြာရောင်လေးနဲ့ မောင်ဟာ မေ့ မျက်စိထဲမှတော့ ချစ်ဖို့ကောင်းနေပါတယ်။

"မေ..ရောက်နေတာကြာပြီလား..ဆောရီးကွာ..မောင် နဲနဲနောက်ကျသွားတယ်..ဒါနဲ့ သူက ဘယ်သူလဲ.."

မေ့ ဘေးနားမှာထိုင်နေတဲ့ ညီညီ့ကို လက်ညိုးထိုးရင်း မေးလိုက်တဲ့မောင့်ကို

"သူက ညီညီတဲ့ မေ့ချစ်သူပေါ့"

"ဘာ."

မောင်ရဲ့အော်သံက မိုးရေတွေကြားထဲမှာ သိပ်မကျယ်လောင်ခဲ့ပါဘူး။

ညီညီကတော့ မတုန်မလှုပ်ထိုင်နေတယ်။

"မေ ပြောချင်တာ မေနဲ့မောင် ဒီနေ့က စပြီး လမ်းခွဲကြတာပေါ့။ မဟုတ်ဘူး။ လမ်းခွဲတာ မဟုတ်ဘူး။ မေက မောင့်ကို မချစ်တော့လို့ စွန့်ပစ်လိုက်တာ။"

မေရဲ့ စကားသံတွေကို မောင် က အေးအေးဆေးဆေးပဲ နားထောင်ခဲ့တယ်။

ဒါပေမဲ့ မောင့်မျက်ဝန်းတွေ သိပ်ပြီး ကြေကွဲနေတာ မေ သိတာပေါ့။

"ကောင်းပြီလေ.. ပေးဆပ်ခဲ့တဲ့အချစ်တွေအတွက် ရလဒ်ကို မောင် လက်ခံလိုက်ပါ့မယ်"

လို့ပြောပြီး မေ့ကို ကျောခိုင်းလှည့်ထွက်သွားတဲ့မောင့်ကိုကြည့်ရင်း မိုးရေတွေနဲ့ အတူ မေ့မျက်ဝန်းမှာ မျက်ရည်တွေပါ ကျနေတယ်ဆိုတာ မောင်မသိနိုင်တော့ဘူးပေါ့။

ညီညီက ကျွန်မပခုံးကိုကိုင်ပြီး

"နင် ကို ငါ နားလည်ပါတယ် သူငယ်ချင်းရာ. ပြန်ကြရအောင်နော်"

ဆိုပြီးပြောတဲ့စကားကို မေ့နားထဲ မကြားတစ်ချက် ကြားတစ်ချက်။

မောင်ထင်နေမှာပါ။

မေ ဟာ မောင့်ကို ရက်ရက်စက်စက် ထားခဲ့တဲ့ သူပေါ့ မောင်။
***********************************************************************************************
"အန်တီသဘောကတော့ အန်တီ့သားနဲ့ မင်းကို ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ပါဘူး.."

"ဘာဖြစ်လို့လဲ အန်တီ"

"မင်းရဲ့ စရိုက်ကို မကြိုက်လို့ပေါ့.. သားအပေါ် အနိုင်ယူနေတာတွေ အန်တီမကြိုက်ဘူး...အန်တီတို့အတွက် ငွေကြေး ဂုဏ်ပကာသန ဘာမှ မလိုဘူး.. တစ်ခုပဲ.. လိမ်မာယဉ်ကျေးတဲ့ မိန်းမပီသတဲ့ မိန်းကလေးမျိုးကိုပဲ အန်တီချွေးမ တော်ချင်တယ်.."

ဒေါ်မြမြဦး။ အထက်တန်းပြ ဆရာမကြီး။ ရုပ်ရှင်မင်းသမီး အကယ်ဒမီ စိုးမြတ်သူဇာလို ထောင်ထောင်မောင်းမောင်း ကျက်သရေအမတန်ရှိတဲ့ အမျိုးသမီး။

မေ့ရဲ့ ချစ်လှစွာသော မောင့် ရဲ့ မေမေ။

မေနဲ့ ၂ယောက်ထဲ တွေ့ပြီးအေးဆေးစကားပြောရအောင် ကမ်းလှမ်းလာတာကြောင့် မောင့်ကို မပြောပဲ မောင့်မေမေနဲ့ ကော်ဖီဆိုင်မှာ တွေ့ခဲ့ကြတယ်။

မေ့နဲ့မောင်ဟာ အဆင့်အတန်းသိပ်မကွာပါဘူး။

မေတို့ထက် မောင်ဟာ နဲနဲပိုချမ်းသာတယ်။

နောက်တစ်ခုက မေ့ မေမေက သာမန်မိန်းမတစ်ယောက်။ ရပ်ကွက်ထဲမှာ စတိုးဆိုင် သေးသေးလေးဖွင့်ထားတဲ့သူ။

မောင့်မေမေကတော့ အထက်တန်းပြ ကျောင်းဆရာမ။ မောင့်ဖေဖေသည်လည်း အထက်တန်းပြ ကျောင်းဆရာ။

နောက်ပြီး မျိုးရိုးစဉ်ဆက်အလိုက် ချမ်းသာသူ။

မေတို့ကတော့ ဘွဲ့တွေ ဂုဏ်ထူးတွေမရှိတဲ့ သာမန် ငွေကြေးပြည့်စုံသူ။

မေ တို့အသိုင်းအ၀ိုင်းမှာ မေ တစ်ယောက်သာ ဘွဲ့ရပညာတတ်သူ။

ဟော မောင့်မေမေ ပြောတာက မိန်းမ မပီသလို့ သဘောမတူနိုင်တာတဲ့။ မောင့်မေမေရဲ့ စကားကို နားထောင်ရင်း မေ့ရဲ့ ထုံးစံအတိုင်း ဂျစ်ကန်ကန် စရိုက်က ပေါ်ထွက်လာတယ်။

"ဒါဆိုလဲ အန်တီ့သားကို အန်တီနိုင်အောင် ထိန်းပေါ့.. မေ့ဘက် မပါအောင် မထိန်းနိုင်ရင်တော့ အန်တီ့ချွေးမ မတော်ချင်လဲ မရဘူးဆိုတာ အန်တီ မှတ်ထားပါ။"

လူကြီးတစ်ယောက်ကိုပမာမခန့်ပြောလိုက်မိတဲ့ စကား။

မေ ရဲ့ အဲဒီ့စကားလုံးကြောင့် မောင့် မေမေဟာ မေ့ကို ဒေါသဖြစ်ပြီး မူးလဲသွားခဲ့ရတယ်။

မေ ကိုယ်တိုင် ဆေးခန်းလိုက်ပို့ခဲ့ပြီး ဆရာဝန်ပြောတဲ့စကားကို ကြားခဲ့ရတာ။

မောင့်မေမေမှာ နှလုံးရောဂါရှိတယ် ဆိုတာ။

ရုပ်ရှင်တွေ ဗီဒီယိုတွေ ထဲကလို မိဘမှာ နှလုံးရောဂါရှိလို့ ချစ်သူနှစ်ဦးဝေးကြတယ် ဆိုတဲ့ အဖြစ်မျိုး မေ အဖြစ်မခံနိုင်တာ။

ဒါပေမဲ့...

ဒါပေမဲ့...မောင်.. ကံကြမ္မာက မေ့ကို မျက်နှာသာ မပေးခဲ့ဘူး။
***********************************************************************************************
မောင့်မေမေကို ဆေးခန်းမှာထားခဲ့ပြီး ပြန်အထွက် မေ့ ဗိုက်တွေ မတရား ထိုးအောင့်လာခဲ့တယ်။

မခံနိုင်အောင် အောင့်တဲ့အတွက် မေ ဆေးခန်းမှာ ဆရာဝန်နဲ့ ပြခဲ့တယ်။

အရင်ကတည်းက ဗိုက်အောင့်အောင့်တတ်တာကို ဒိုင်ဂျင်းလေးစားလိုက် လေနာပျောက်ဆေးလေးသောက်လိုက်နဲ့ သက်သာသလို နေခဲ့တာ။
ဆေးခန်းမပြခဲ့တာ။

အခုတော့ ဆေးခန်းမှာလဲ အဆင်သင့်ရောက်နေတော့ ဆရာဝန်နဲ့ သေချာစစ်ဆေးလိုက်တဲ့အခါ
***********************************************************************************************
မေ ဟာ သေရမဲ့နေ့ကို လက်ချိုးရေပြီး စောင့်နေတဲ့သူပါ မောင်။

မေ့မှာ အစာအိမ်ကင်ဆာ ဖြစ်နေပြီလေ။

မေ နဲ့ မောင် လမ်းခွဲခဲ့တာ မောင့် မေမေကတော့ ပျော်နေမှာပါ။

မောင်ကရော.. မောင်ကရော.. ပျော်နေမှာလားဟင်

မေ မမေးချင်ဘူး။

မေ မှာ့ရောဂါရှိနေတာ မောင့်ကို မသိစေချင်ဘူး။

မောင် သာ သိရင် မေ့ကို ဘာရောဂါပဲဖြစ်ဖြစ် လက်ထပ်မယ်ဆိုတာ သိနေပေမဲ့ မောင်နဲ့ခဏတာ ပေါင်းပြီး မုဆိုးဖိုအဖြစ် ကျန်ခဲ့မဲ့မောင့်မျက်နှာကို မေ မမြင်ချင်ဘူး။

မောင့်စိတ်ထဲ မေ့ကိုနာကျည်းပြီး မောင့်အပေါ် ချစ်မဲ့ အခြားမိန်းကလေးတစ်ယောက်နဲ့ မောင် ပျော်နေတာကိုပဲ မေ မြင်ချင်ပါတယ်။

မေ ကတော့ ရန်ကုန်နဲ့ဝေးတဲ့ ပြင်ဦးလွင်ဆိုတဲ့ မြို့ကလေးမှာ သေမင်းလာခေါ်မဲ့နေ့ကို စောင့်နေတယ်မောင်။

မေ မကြောက်ပါဘူး။

နှလုံးသားထဲမှာတော့ မောင့်ကို ချစ်တဲ့ အချစ်တွေ အပြည့်နဲ့ပေါ့။

နေမင်း၏ရှိုက်သံ

on Monday 8 April 2013


"ငယ်စဉ်က ကလေးတို့ဘ၀မှာ.... ပျော်ပါးဖို့ရာ... လွယ်ပါတယ်... ကိုယ်ရတာနဲ့... တင်းတိမ်ရောင့်ရဲ... စားချိန်မှာ.. ၀င်စားမယ်.. အိပ်ချိန်မှာ... ၀င်အိပ်မယ်... အပူအပင်ကင်းတဲ့... ကလေးလေး ဘ၀ကို... တစ်ခါပြန်ပြီး.. ရချင်သေးတယ်... အချစ်မသိသေးတဲ့... ကလေးလေးဘ၀ကို... တစ်ခါပြန်ပြီး... ရောက်ချင်သေးတယ်..."

 "အမလေး မောင်အေးတို့များ ကလေးကိုသီချင်းဆိုပြီးသိပ်ပါဆို ဒီတစ်ပုဒ်ပဲဆိုတယ်..."
  
"ဟာဗျာ.. မမမေကလဲ ကျွန်တော်လဲ အဲ့ဒီ့သီချင်းပဲရတာကို..."
 
ရှက်ရှက်နဲ့ ပြန်ပြောသော ကျွန်တော့်ရဲ့ စကားကြောင့် မမမေက
 
"ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. မောင်အေးရယ်.. နင်တို့သားအဖ၂ယောက်ထဲလောကမှာရှိနေသလိုပဲ..ငါ အစ်မ တစ်ယောက်လုံးရှိပါသေးတဲ့ဟဲ့..တကတည်းတော်....သူ့သမီးကို ချစ်လိုက်တာ တုန်လို့..."
 
"ကဲကဲ.မမမေ စကားမများနဲ့တိတ်တိတ်နေ.. သမီးလေး အိပ်ပျော်တော့မယ်...မမမေ ဈေးသွားမလို့မဟုတ်လား.. ရော့ရော့ပိုက်ဆံယူသွား..သမီးအတွက် နို့မှုန့်ဝယ်ခဲ့ဖို့မမေ့နဲ့နော်..."
 
ကျွန်တော်လှမ်းပေးတဲ့ ပိုက်ဆံကိုယူရင်း မမမေ ဈေးသို့ ထွက်သွားသည်။
 
"အပူအပင်ကင်းတဲ့... ကလေးလေး ဘ၀ကို... တစ်ခါပြန်ပြီး.. ရချင်သေးတယ်... အချစ်မသိသေးတဲ့... ကလေးလေးဘ၀ကို... တစ်ခါပြန်ပြီး... ရောက်ချင်သေးတယ်..."

ကျွန်တော့်သီချင်းသံလေးကို နားထောင်ရင်း သမီးလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကိုကြည့်ရင်း ကျွန်တော် ရင်ထဲ ကြည်နူးမိသည်။

=======================================================================

"ဖေကြီး..ဖေကြီး သမီးဒီလလဲ အတန်းထဲမှာ ပထမရတယ်သိလား.."
 
"ဟာ.. ဟုတ်လား.. ဖေကြီးသမီးလေးက တော်လိုက်တာ..ကဲ..ပြော.. သမီးဘာလိုချင်လဲ.. ဘာစားချင်လဲ..."

"ကြေးအိုးစားချင်တယ် ဖေကြီး..ဟက်ပီးဝေါလ်လဲ လိုက်ပို့ပေး...နောက်ပြီး သမီးကို ဂါဝန်လှလှလေး ၀ယ်ပေးနော်...နော်..လို့..."

၅တန်းကျောင်းသူ သမီးလေးရဲ့ ချစ်စဖွယ် အပြောအဆိုလေး ဖြစ်ပါသည်။

ကျွန်တော့်သမီးက ငယ်ငယ်လေးကတည်းက စာအရမ်းတော်ပါသည်။
  
အမြဲတမ်း အတန်းထဲမှာပထမ ရတတ်သလို ပထမရတိုင်းလဲ ကျွန်တော့်ကို တစ်ခုမဟုတ်တစ်ခု ပူဆာတတ်တဲ့ သမီးလေးရဲ့ လိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးလိုက်တိုင်း သမီးလေးပျော်ရွှင်နေသလို ကျွန်တော်လဲ သမီးလေးနဲ့ ထပ်တူ ပျော်ရွှင်မိပါသည်။
 
"၀ယ်ပေးမှာပေါ့ သမီးရဲ့... သမီးဖြစ်ချင်တာဖြစ်ရမယ်...သိလား.."
 
"ဟေး....... ဒါမှ သမီးချစ်တဲ့ဖေကြီး... ဟေး..ဟေး..."
  
ကျွန်တော့်ကိုဖက်ရင်း ၀မ်းသာအားရအော်နေတဲ့ သမီးလေးကို ကျွန်တော်ကလဲ ပြန်ဖက်ထားရင်း ကျွန်တော်တို့သားအဖ နှစ်ယောက် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

=======================================================================

 သမီးလေး နာမည်က ရွှေရည်မောင်။
 
သမီးလေးကို နိုဝင်ဘာလမှာ မွေးဖွားခဲ့သည်။
 
သမီးလေးရဲ့ အမေကတော့ သမီးကိုမွေးပြီးပြီးချင်း ဆုံးသွားခဲ့တော့ ကျွန်တော့်နဲ့သမီးလေး အဖေတစ်ခု သမီးတစ်ခု ဘ၀ဖြင့် ဆက်လက်နေထိုင်ခဲ့သည်။

 အသက်၂၇နှစ်ဖြင့် မုဆိုးဖိုဖြစ်ခဲ့သော ကျွန်တော့်ကို ပတ်ဝန်းကျင်မှ တစ်ပင်လဲမူ တစ်ပင်ထူဟု ပြောခဲ့သော်လည်း သမီးလေးဘ၀ မိထွေးမျက်နှာကြည့်နေမဲ့ဘ၀မျိုးကို ကျွန်တော်မလိုလားခဲ့ပါ။
 
ကျွန်တော့်ဘ၀ တစ်ခုလုံး သမီးလေးအတွက်သာဟု ကျွန်တော် ကိုယ့်ကိုကိုယ်ခံယူထားခဲ့သည်။
ထို့ကြောင့် ကျွန်တော်ရယ် သမီးလေးရယ် ကျွန်တော့်အစ်မရယ်.. ကျွန်တော်တို့၃ဦး ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။

"ဖေကြီး... ဘာတွေ စဉ်းစားနေတာလဲဟင်..."

 အိမ်ရှေ့ကုလားထိုင်တွင် ထိုင်ရင်း အတိတ်ကိုပြန်လည်သတိနေမိသော ကျွန်တော့်ကို သင်တန်းက ပြန်လာသော သမီးလေးက မေးလိုက်ခြင်းဖြစ်သည်။
 
"ဒီလိုပါပဲ သမီးရယ်.. သမီး သင်တန်းက ပြန်လာပြီလား.."
 
"ဟုတ် ဖေကြီး.. "

 "စာတွေလိုက်နိုင်ရဲ့လား သမီးရဲ့.."

"လိုက်နိုင်တာပေါ့ ဖေကြီးရဲ့ ဖေကြီးသမီးကတော်ပြီးသားပဲလေ.."

ကိုယ့်ကိုကိုယ်ဂုဏ်ယူဝင့်ကြွားစွာပြောနေသော သမီးကိုကြည့်ရင်း သမီးအလိမ်မာလေးရထားတဲ့အတွက် ကျွန်တော် ကိုယ့်ကိုကိုယ်ကျေနပ်နေမိသည်။

သမီးလေးသည် ဆယ်တန်းကို ဘာသာစုံ ဂုဏ်ထူးဖြင့်အောင်ကာ ဆေးကျောင်းတတ်နိုင်သော်လည်း သမီးလေးက နိုင်ငံခြားသို့ စကောလားရှစ်ဖြင့် စာသွားသင်ချင်စိတ်သာ ရှိခဲ့သည်။
 
ထို့ကြောင့် သမီးလေး ဆရာတွေရဲ့ အဆက်အသွယ်တွေဖြင့် အပြင်သင်တန်းတွေတက်ရင်း နိုင်ငံခြားစကောလားရှစ်ဖြေဖို့ကြိုးစားနေခြင်းဖြစ်သည်။
 
"သမီးစာမေးပွဲ ဘယ်တော့လဲ သမီး.."
 
"နောက်တစ်လဆိုဖြေရပြီဖေကြီး.ဖြေပြီး၃လအတွင်း အဖြေထွက်မယ်.. အောင်ရင် သမီး သြစတေးလျမှာ စကောလားရှစ်နဲ့ ပညာသင်ခွင့်ရပြီ ဖေကြီး.."
 
တက်ကြွစွာပြောနေသော သမီးကို ကြည့်ရတာ သမီး အရမ်းပျော်ရွှင်နေမှန်းသိသာပါသည်။

=======================================================================

"ဟဲ့မောင်အေး.. ဘာတွေငိုင်နေတာလဲ..."

မမမေက မေးလိုက်ခြင်းဖြစ်သည်။

"သမီးလေး စကောလားရှစ် ရတယ်တဲ့သိလား..."

 "အေးလေ.. အဲဒါ ၀မ်းသာရမှာလေ.. နင်က ဘာလို့ လင်းတကြီးလိုမှိုင်နေတာလဲ.."
 
"ကျွန်တော် ၀မ်းသာပါတယ် မမမေရာ.. ငယ်ငယ်လေးကတည်းက လိမ်မာပြီးစာကိုပဲတစ်စိုက်မတ်မတ်ကြိုးစားခဲ့တဲ့ သမီးလေးကြောင့်  ၀မ်းသာသလို ဂုဏ်လဲယူမိပါတယ်.. ဒါပေမဲ့...ဒါပေမဲ့..."
 
ကျွန်တော်လေသံထဲတွင် ရှိုက်သံများပါလာခဲ့သဖြင့် ကျွန်တော့်စကားကို ခဏရပ်ပစ်လိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ..."

"သမီးလေးကိုကျွန်တော် စိတ်မချဘူး.. သမီး..သမီးလေးနဲ့ ခွဲပြီးမနေနိုင်ဘူး..."
 
လေသံပျော့ပျော့လေးဖြင့်ပြောနေသော ကျွန်တော့်စကားကြောင့် မမမေ သဘောပေါက်သွားဟန်ဖြင့် သက်ပြင်းချလိုက်တာကို ကျွန်တော်ကြားလိုက်သည်။
 
"ဒါကတော့.. ခဏပဲ ခွဲနေရမှာပဲဟာ.. ဟော..နင့်သမီးလေး ပညာတတ်ဖြစ်သွားရင် ဘွဲ့ရသွားရင်မြန်မာပြည် ပြန်လာမှာပေါ့..."
 
"ဒါပေမဲ့..ဒါပေမဲ့..."
 
"ဒါပေမဲ့မနေနဲ့.. နင်အခုလိုဖြစ်နေရင်နင့်သမီးလေးက ဘယ်လိုလုပ် စိတ်ချလက်ချထားသွားနိုင်မလဲ.. ကိုယ့်သမီးလေး တိုးတက်ရေးပဲဟာ..."
"ဟုတ်ကဲ့ပါမမမေ...ကျွန်တော်လဲ သမီးလေးရှေ့ ဟန်ဆောင်နိုင်အောင်ကြိုးစားပါတယ်..ဒါပေမဲ့ အခုလိုမျိုး သမီးလေးနဲ့ ခွဲနေရမှာ စိတ်ထဲ တကယ်မကောင်းဘူး..."
 
=======================================================================

တကယ်တန်း သြစတေးလျကို ပညာသင်သွားဖို့ သမီးလေးကိုလေယာဉ်ကွင်းလိုက်ပို့တဲ့နေ့က ကျွန်တော်ရင်ထဲ ငိုချင်လျက်နဲ့ထိန်းချုပ်နေခဲ့တာ အသက်ရှုကြပ်လှပါသည်။

 သမီးလေးကတော့ ပျော်နေဟန်ရှိသည်။
 
"ဖေကြီး.. သမီးသွားတော့မယ်နော်.. တာ့တာနော်.."
 
"အေးအေး..ငါ့သမီးလေး ကျန်းမာချမ်းသာ ဘေးအန္တရယ်ကင်းပါစေ.. ဘုရားစာအမြဲရွတ်နော်သမီး.. ဘုရားရှိခိုးဖို့ မမေ့နဲ့.."

"ဟုတ်ကဲ့ပါ ဖေကြီးရဲ့..."

ကျွန်တော့်ပါးကိုဖြတ်ခနဲနမ်းရင်း လေယာဉ်ကွင်းထဲဝင်သွားတဲ့သမီးလေးကို ကြည့်ရင်း မျက်ရည်တွေ ကျွန်တော့်ပါးပြင်ပေါ် အလိုလိုလှိမ့်ဆင်းလာခဲ့ပါသည်။
 
သမီးလေးကတော့ နောက်ကိုပြန်လှည့်မကြည့်ခဲ့ပါ။
 
ကျွန်တော်ကတော့ သမီးလေးနောက်ကျောကိုကြည့်ရင်း ယောက်ျားတန်မဲ့ မျက်ရည်တွေကျနေခဲ့မိသည်။

=======================================================================

သမီးလေးက ကျွန်တော့်ဆီ တစ်လတစ်ခါဖုန်းဆက်သည်။
 
တစ်ခါတစ်လေ သမီးလေးကို သတိရလွန်းတဲ့အခါ ကျွန်တော်အင်တာနက်ကနေ တစ်ဆင့် သမီးဆီ ဖုန်းဆက်သည်။
 
ကျွန်တော်သမီးလေးကို အရမ်းသတိရသလို သမီးလေးကလဲ ကျွန်တော့်အပေါ် အမြဲသတိရတယ်ဆိုတဲ့အကြောင်း၊ သမီးလေးက ပြောသဖြင့် ကျွန်တော် စိတ်ထဲကြည်နူးရသည်။
 
အဝေးမှာပညာသင်ကြားနေတဲ့သမီးလေးအတွက် ကျွန်တော်နေ့တိုင်း မေတ္တာပို့ဆုတောင်းပေးခဲ့သည်။
 
သမီးပြန်လာမဲ့ရက်ကိုလဲ လက်ချိုးရေရင်း ကျွန်တော်စောင့်နေမိသည်။
 
ပညာတတ်ကြီးအဖြစ်ပြန်လာမဲ့ သမီးလေးကို ကျွန်တော် ၀မ်းသာအားရကြိုဆိုရင်း ကျွန်တော်နဲ့သမီးလေးနဲ့ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့ ကျွန်တော် မျှော်လင့်ခဲ့သည်။

=======================================================================

"ဟလို..ဟလို..ကြားလား.."
 
"ဟလို..ကြားလား.. သမီးလေး.."
 
"အင်းအင်း..ကြားပြီ..ဖေကြီး..ဖေကြီး..နေကောင်းလား.."
  
"ကောင်းတယ် သမီးလေး.. သမီးလေးရော နေကောင်းရဲ့လား.."
 
"ကောင်းတယ်..ဖေကြီးရဲ့..သမီးဖေကြီးကိုပြောစရာရှိတယ်.."
 
"အေး.အေး.. သမီးပြော.သမီး နောက်တစ်ပတ်ဆို ပြန်လာရတော့မယ်မဟုတ်လား.."
 
"ဟုတ်တယ်..အဲဒါသမီးပြောမလို့.. သမီး..သမီး... ပြန်မလာဖြစ်တော့ဘူး.."
 
"ဘာ.. ဘယ်လို..ဘယ်လို.. "
 
"ဟုတ်တယ်ဖေကြီး..သမီးပြန်မလာတော့ဘူး..နောက်ထပ် ဘွဲ့တွေ ထပ်ယူဖို့ သမီးကြိုးစားမယ်..နောက်ပြီး..သမီး.သမီးမှာ.."
 
"သမီးမှာ..ဘာဖြစ်လဲ.. ဖေကြီး စိတ်ပူတယ်..ဘာဖြစ်လဲသမီး.."
 
"သမီးမှာ ချစ်သူရှိနေပါပြီ..သူက နိုင်ငံခြားသားတစ်ယောက်ပဲ.. သမီး သူနဲ့ယူပြီး သြစတေးလျ နိုင်ငံသားအဖြစ်ခံယူလိုက်မယ်.နောက်ပြီး သမီးသင်ချင်တဲ့ပညာတွေ ဆက်သင်ဖို့ သူတာဝန်ယူမယ်.သမီး ဒီတစ်သက် မြန်မာပြည် ပြန်မလာတော့ဘူး ဖေကြီး."
 
"ဘာ............................"

=======================================================================

"မောင်အေး..မောင်အေး.. နင် သတိရပြီလား..သတိရပြီလား.."

 "မမမေ.. ကျွန်တော် ဘယ်ရောက်နေတာလဲဟင်..."
 
"နင်ဖုန်းပြောရင်းမေ့လဲသွားတာလေ..အခုဆေးရုံရောက်နေတာ.."
 
"မမမေ..."
 
"ပြောလေ..ဘာပြောချင်လို့လဲ..."

"ကျွန်တော်လေ...ကျွန်တော့်သမီးလေးကို တစ်သက်လုံးစာအတွက် ဆုံးရှုံးလိုက်ရပြီ..."
နောက်မှပြောပါ မောင်အေးရယ်..နင်အားမရှိဘူး.. နှလုံးခုန်အားလဲမြန်နေတယ်တဲ့.. ဆရာဝန်ပြောတယ်.အရင်အနားယူလိုက်ဦး.  နောက်မှ.ဆက်ပြောနော်.."

 "မဟုတ်ဘူး..ကျွန်..ကျွန်တော်..ပြောချင်တယ်..
ကျွန်တော်သမီးလေးကိုအရမ်းချစ်တယ်..အဲဒါ မမမေ သမီးလေးကိုတွေ့ရင်ပြောပေးပါ.."
 
"အေးပါ.ငါပြောပေးပါ့မယ်.."

 "နောက်ပြီးလေ.. ငယ်ငယ်တုန်းက သမီးလေးကို ဆိုပြခဲ့တဲ့သမီးသိပ်ကြိုက်တဲ့သီချင်းလေးလဲ ဆိုပြချင်တယ်..နောက်ပြီး..သမီးကြိုက်တဲ့ကြေးအိုးလဲ သမီးနဲ့တူတူစားချင်တယ်..နောက်ပြီး.. သမီးနဲ့ ဟက်ပီးဝေါမှာ အတူတူကစားချင်တယ်..နောက်ပြီး..နောက်ပြီး.................................................."

=======================================================================

"သမီးလေးရေ အိပ်တော့နော်..ဖေကြီးသီချင်းဆိုပြမယ်...
အပူအပင်ကင်းတဲ့... ကလေးလေး ဘ၀ကို... တစ်ခါပြန်ပြီး.. ရချင်သေးတယ်... အချစ်မသိသေးတဲ့... ကလေးလေးဘ၀ကို... တစ်ခါပြန်ပြီး... ရောက်ချင်သေးတယ်..."

 ဘိုမရုပ်လေးကို ပိုက်ရင်းသီချင်းဆိုသိပ်နေတဲ့ ကျွန်တော့်ကို ကြည့်ရင်း မမမေက မျက်ရည်တွေကျနေသည်။
 
"မမမေ မငိုနဲ့..တိတ်တိတ်နေ.ကျွန်တော့်သမီးလေး အိပ်တော့မယ်....မမမေကြေးအိုးသွားဝယ်ပါဦး..သမီးလေးစားဖို့...အေးပါ သမီးရယ်..မငိုနဲ့..မငိုနဲ့ ဖေကြီးရှိတယ်နော်..."
 
ကျွန်တော့်လက်ထဲက ဘိုမရုပ်လေးရဲ့နဖူးလေးကို ကျွန်တော်ငြင်ငြင်သာသာနမ်းလိုက်သည်။။။။