ဒဏ်ရာတွေနဲ့အတူတူ ပြန်လည်မျှော်လင့်မိခြင်း

on Friday 12 April 2013
မောင်ရေ
လက်ချိုးမရေထားလဲ
တစ်ရွက်ပြီးတစ်ရွက် တဖြုတ်ဖြုတ်ကြွေလာတဲ့ ရက်စွဲတွေကြားထဲ
တန်ခူးလေရဲ့ နွေဦးအလွမ်းကို
ရင်နာနာနဲ့တဖန်ပြန်ပြီး ခံစားနေရပြန်ပြီ။


မောင်မှတ်မိမလား
ရိုးမြေကျပေါင်းဖို့ စာလုံးတွေအတူတူ ချရေးဖူးတာတွေလေ
အခုတော့
ဝေးဝေးကိုလွင့်ထွက်သွားခဲ့တဲ့
မောင်ရဲ့ သစ္စာတရားဝါကျတွေကို
ကျွန်မဘယ်လိုမှ ပြန်လည်မသိမ်းပိုက်နိုင်ပါလားကွယ်။


မောင့်အပေါ် ဘယ်တော့မှ အပြစ်မမြင်ရက်လဲ
ကျွန်မကိုယ်ကျွန်မ နှိပ်စက်လို့မ၀သေးဘူး
မောင်ရယ်
ကျန်နေခဲ့သူကျွန်မက အခုအချိန်ထိ မရင့်ကျက်သေးပဲ
အချစ်ဆိုတာကို မကိုးကွယ်ပဲ မနေနိုင်သေးတာ
မောင်သိရဲ့လား။


ကျွန်မ မမှားလဲ မောင့်အပေါ် ထပ်ခါထပ်ခါတောင်းပန်တတ်တဲ့
မောင့်အပေါ် မျက်စိမှိတ်နားလည်ပေးတတ်တဲ့ကျွန်မက
ခပ်တုံးတုံးမိန်းမတစ်ယောက်တဲ့လား
အရမ်းသ၀န်တိုမှ အချစ်လို့သတ်မှတ်မှာလားမောင်ရယ်။


ပြောပိုင်ခွင့်မပေးထားလဲ 
မောင်ပြန်လာပါလားလို့ ကျွန်မပြောချင်လိုက်တာ
မောင်လက်ပြခဲ့ပေမဲ့
ကျွန်မဘက်က ပြန်လာမလားလို့ထင်နေခဲ့တာ
အခုဆို
နှစ်ပတ်လည်နွေပါတီရောက်လာပြန်ပြီ
မောင်အခုထိ ကိုယ်ယောင်ဖျောက်ကောင်းတုန်းပဲနော်။


မောင်ရေ
ကျွန်မရဲ့အလွမ်းတွေကြောင့် မောင့်ကို တစ်ခါထပ်ပြီး တောင်းပန်လိုက်ဦးမယ်
တစ်ခုတော့ရှိတယ် မောင်
မောင်ပျံသန်းလို့ဝရင် 
ကျွန်မအရိပ်ထဲပြန်နားခိုလှည့်ပါ
အခုအချိန်မှာ
ကျွန်မက နွေသစ်ပင်ဖြစ်နေပေမဲ့
မောင့်အတွက်ဆို
ကျွန်မက ပုံစံချက်ချင်းပြောင်းလဲပြီး
အေးမြမှု၊ နွေးထွေးမှုတွေကိုပြန်လည်ထုတ်ပေးမှာပါ
ရင်ထဲကဒဏ်ရာတွေအတွက် ဗွေမယူပဲနဲ့ပေါ့။။။။။

5 comments:

ညီလင်းနိုင် said...

ကဗျာထဲမှာ နာကျင် လွမ်းမော ဆွတ်ပျံ့ ကြေကွဲ စရာတွေ

အများကြီးတွေ့ခဲ့တယ်။

အရာရာ အဆင်ပြေပါစေ ညီမလေး။

ရင်ခုန်ရသူ said...

ခံစားချက်လေးတွေ သီထားတယ်ထင်ပါပေ့နော်
ကောင်းလှတဲ့ ကဗျာလေးပါ
ပျော်ရွှင်မှုတွေပိုင်ဆိုင်ရပါစေနော်

စံပယ်ချို said...

ဒဏ်ရာတွေနဲ့တူတူရောက်ခဲ့တယ်

မိုးညချမ်း said...

“မောင်ပြန်လာပါလားလို့ ကျွန်မပြောချင်လိုက်တာ
မောင်လက်ပြခဲ့ပေမဲ့
ကျွန်မဘက်က ပြန်လာမလားလို့ထင်နေခဲ့တာ
အခုဆို
နှစ်ပတ်လည်နွေပါတီရောက်လာပြန်ပြီ
မောင်အခုထိ ကိုယ်ယောင်ဖျောက်ကောင်းတုန်းပဲနော်။” ... မိုးညရဲ့ ရင်ထဲကိုလှမ်းမြင်လိုက်လို့များလား မသိဘူး ... ကဗျာနဲ့ မိုးညခံစားချက်နဲ့တော့ ကွက်တိပဲ မမရေ ... :)

Yoemyaykya said...

ကဲကဲညီမလေး အစ်မနာမည်လေး(ရိုးမြေကျ) ယူသုံးသွားတယ်။ ဖိုင်းကောင်းရမယ်။ နှင်းဆီရေ မတွေ့တာကြာပီနော်။ သတိရနေပါတယ် ညီမလေးရေ

Post a Comment