ဦးညီအတွက်မွေးနေ့အမှတ်တရ

on Thursday 28 March 2013

သူက ဘာမဆို ထုဆစ်ပုံဖော်တတ်သူ
သူက ဘာမဆို သိမြင်ခံစားတတ်သူ
သူက ဘာမဆို သည်းခံခွင့်လွှတ်တတ်သူ
သူဆိုတာ... အလျားလိုက်ဝပ်ဆင်းပေးထားရင်း 
လူတွေကနင်းချေအသုံးချသွားတာတောင်
အလင်းမမှိန် မလျော့တတ်တဲ့ ညမီးအိမ် တစ်ခုပေါ့...


ကဗျာတစ်ပုဒ်အသက်သွင်းဖို့ သူ လူဖြစ်လာတာတဲ့...
လူလူချင်း ညှာတာထောက်ထားဖို့ သူ အသက်ရှူနေတာတဲ့...
ကျနော်တို့ မပြောပြနိုင်တဲ့ နူးညံ့သိမ်မွေ့မှုတွေ သူ့ဆီမှာ ရှိတယ်...


ဒီနေ့လေးက သူ့မွေးနေ့
တစ်နည်းအားဖြင့်ဆိုသော် ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာသက်တမ်းတစ်ခု မြင့်သွားတဲ့နေ့
သူ့မွေးနေ့မှာ သူ တကယ်စိတ်ကျေနပ်ပျော်ရွှင်စေဖို့ ကျနော် ဆုတောင်းပေးပါတယ်။
ဟက်ပီးဘက်ဒေးပါ ဦးညီလင်းနိုင်(ခ) ကဗျာဆရာ ညမီးအိမ်...။။။






ဟိုခြစ်ဒီခြစ် ဟိုရေးဒီရေး

on Tuesday 26 March 2013

ချစ်သူမသိသောအရာ



သိမ်းဆည်းထားတဲ့ မာနသံစဉ်တွေ
သူမဆီမှာ တစ်ပွင့်ချင်းစီ ဆိုပြမိတုန်းက
သူမနှုတ်ခမ်းလွှာက အပြုံးလေးတွေ အိမ်မက်ထဲအထိ တကောက်ကောက်လိုက်တယ်
ကျနော်ယုံကြည်မိတဲ့ မျှော်လင့်ချက်ဆိုတာ
ပွဲမစခင်က ရှုံးမဲ့အရာတစ်ခုလို့ မထင်ခဲ့တာတော့ အမှန်...


ခမ်းနားတယ် သိပ်ကိုခမ်းနားလွန်းတယ်
သူမရွေ့တဲ့အကွက်က သိပ်ကိုညင်သာလွန်းတော့
မျက်တောင်တစ်ခတ် အတွင်းမှာပဲ ကျနော့်စိတ်တစ်ခုလုံး သူမထံ စုံးစုံးမြှုပ်သွားတယ်.
သူမက အချစ်နတ်သမီးထက် မာယာပိုများတယ်လေ....


ထွေးမရ ငုံမရ ခံစားချက်တွေ တနင့်တပိုးကြီးလွယ်လို့
သူ့မကမ္ဘာထဲ နားခိုချင်တဲ့ ကျနော်သာ
ကြီးမားတဲ့အပြစ် တစ်ခု ကျူးလွန်သူပေါ့။
သူမ မလွန်ပါဘူး
ကျနော့်ကိုယ်သာ သားကောင်အဖြစ်ရွေးချယ်လိုက်ဖို့
ကျနော်ကိုယ်တိုင် အမိန့်သတ်မှတ်လိုက်တာ...


တကယ်တမ်း ကျနော် တန်ဖိုးထားတဲ့အချစ်ဆိုတာ
သူမအတွက် ဟာသတစ်ပုဒ်ဖြစ်သွားမှန်း ကျနော်သိလိုက်တဲ့အချိန်
ကျနော့်ရှေ့ဆက်လျှောက်မဲ့ လမ်းမှာ
အလွမ်းပန်းတွေကသာ နေရာယူထားတာ တွေ့လိုက်တယ်...


ဟုတ်ပါတယ်
ရူးခဲ့တာကျနော့်အပြစ်
ချစ်ခဲ့တာကျနော့်အပြစ်
လွမ်းရမှာလဲ ကျနော်ကိုယ်တိုင်ပါပဲ
ကျနော့်ရင်ဘက်က ချစ်ခြင်း သူမ သိသိ မသိသိပေါ့.......။။။


ဘောင်ခတ်ထားသော သံယောဇဉ်နယ်နိမိတ်

on Thursday 21 March 2013


ဘာကိုမှ မတွယ်တာတတ်သော သူမ၏ဘ၀ထဲကို သူ့ကိုဝင်လာပါလို့ မဖိတ်ခေါ်ခဲ့မိပါ။
မိန်းမသားတစ်ယောက်အနေဖြင့် ကိုယ့်၏ အားနည်းချက်ကြောင့် စိတ်ကူးယဉ်မှုကို လက်မခံခြင်းသည် အခြားလူတစ်ယောက်အတွက် ရက်စက်တတ်တဲ့မိန်းမဆိုးတစ်ယောက် ဖြစ်သွားနိုင်ပါသလား။
လူသိရှင်ကြားဖွင့်ပြောတာထက် လူမသိသူမသိသာ ခံစားချက်ကို ခပ်မှိန်မှိန်လုပ်ထားခြင်းသည် သူမကို ရက်စက်တတ်သော သားကောင်အဖြစ် သူ သတ်မှတ်မည်လား။

=======================================================

"ကိုယ်က မြတ် ကိုချစ်ခဲ့တာအပြစ်တဲ့လား.. ကိုယ်သိတယ်.. မြတ်ခံစားချက်ကို ကိုယ်နားလည်တယ်.. ဒါပေမဲ့ ကိုယ့်အပေါ်လဲ နည်းနည်းလေး ပြန်လည်ထောက်ထားပေးပါ မြတ်ရယ်.."

သူမ ဘာမှပြန်မပြောချင်မှန်း၊ သူမ ရင်ထဲဘာဖြစ်နေမှန်း သူမ ကိုယ်တိုင်ပဲသိနေခဲ့သည်။
ဘယ်လိုလုပ်မလဲကွယ်.. သူနဲ့ပတ်သတ်ပြီး အချစ်ဆိုတာ အပြစ်တစ်ခုလို့ ပြောဖို့ကလွဲရင် သူမ မှာ ဘာမှထပ်ပြောစရာမရှိဘူး။ အချစ်ဆိုတာကို သူမဘ၀ထဲမှာ မရှိစေချင်ဘူး။


"မဟုတ်သေးဘူး မြတ်.. မင်းနဲ့ကိုယ်နဲ့သံယောဇဉ်တွေထား
ခဲ့ကြတာ မင်းအသိ.. မင်းကိုယ်တိုင် မင်းပါးစပ်က ကမ္ဘာပေါ်မှာ မင်းသံယောဇဉ်အရှိဆုံးက ကိုယ်ပါဆို.. မင်းမငြင်းနဲ့ .. အဲ့ဒီသံယောဇဉ်က အဖြူရောင်ဆိုပြီး မင်းမပြောနဲ့.. တကယ်လို့ မင်းကိုယ့်အပေါ်ထားတဲ့သံယောဇဉ်က အရင်ကအဖြူရောင် ဖြစ်ခဲ့တယ်ဆိုရင်တောင် အခုအချိန်ဘာလို့ သိမ်မွေ့တဲ့ချစ်ခြင်းတစ်ခုအဖြစ်
မင်းမပြောင်းလဲနိုင်ရတာလဲ.. မင်းဘာကြောင့် သိမ်ငယ်နေတာလဲ.. ဘယ်သူက မင်းကိုနှိမ်နေလို့လဲ.."
 
မဖြစ်ဘူး။ သူ့စကားကိုယုံလို့မဖြစ်ဘူး။ သူ့စကားကိုယုံလိုက်ရင်တောင် ကံတရားကို မယုံနိုင်သေးဘူး။ 

"ကောင်းပြီမြတ်.. စိတ်ကူးယဉ်တယ်လို့ မြတ် ထင်တယ်လား.. မဖြစ်နိုင်ဘူးလို့ မြတ် ယုံကြည်တယ်လား.. မြတ် ဆန္ဒအတိုင်း ကိုယ်ဘာမှ မတောင်းဆိုဘူး.. ဒါပေမဲ့ ကိုယ်ဝေးဝေးကနေ မြတ်ကိုငေးကြည့်ချင်တယ်.. ကိုယ်ပြောစရာမရှိတော့ပါဘူး.."

သူမ မျက်နှာပေါ်က အကဲခတ်မရတဲ့ အရိပ်အကဲကို သူ နားမလည်သလိုကြည့်ရင်း လှည့်ထွက်သွားပြီးတဲ့နောက်မှာ သူမစဉ်းစားမိတာက သူမကသူ့အပေါ်အနိုင်ယူခဲ့သလို ဖြစ်ခဲ့သလား။ သူမ ငိုချင်မိသည်။ မျက်ရည်တွေ .. အဲ့ဒီ့မျက်ရည်တွေ.. သူမ ငိုချင်မိတာ ဘယ်သူ့အတွက်များလဲ


=======================================================

လွန်ခဲ့တဲ့၁နှစ်အတွင်းက လှည်းတန်းဈေးထိပ်မှာ လမ်းလျှောက်နေရင်း ရုတ်တရက် ဖိနပ်ပြတ်သွားသော သူမ အတွက် သူက ကယ်တင်ရှင် လူသားတစ်ယောက်ဖြစ်ခဲ့သည်။
အိတ်ကပ်ထဲ ဖိနပ်တစ်ရံဝယ်ဖို့ လုံလောက်တဲ့ငွေပမာဏ မေ့ကျန်ခဲ့ပေမဲ့ သူတပါး၏ အကူအညီယူရမှာ အရမ်းဝန်လေးသောသူမသည် ထိုနေ့ကတော့ တိတ်ဆိတ်စွာဖြင့် သူမရှေ့ သူ့လာချွတ်ပေးသော သူယာက်ျားစီးကတ္တီပါဖိနပ်ကို ခပ်တည်တည်ယူစီးခဲ့သည်။
အဲ့ဒီ့အတွက် သူမတို့နှစ်ယောက်ကြားမှာ ပြန်ဆုံတွေ့ဖို့ ကတိတွေ တစ်ယောက်ကိုတစ်ယောက်မပေးခဲ့ပါ။ အပြန်အလှန်စကားတွေမပြောခဲ့ပါ။
သူမ၏ ကျေးဇူးတင်သောအကြည့်တစ်ချ
က်ကိုပဲ သူယူခဲ့သည်။
သူမဘက်ကလဲ နောက်တစ်ကြိမ်ဖိနပ်အစားထိုးပြန်
ပေးရဖို့ မမျှော်လင့်မိပါ။
တစ်ပတ်အတွင်း သူနဲ့ပြန်ဆုံတွေ့ဖို့ကိုလဲ သူမ မသတ်မှတ်ထားခဲ့ပါ။
=======================================================

သူနဲ့သူမ တွေ့ဆုံခဲ့တာ တစ်ပတ်ကြာပြီးနောက် နောက်တစ်ကြိမ်ပြန်တွေ့ခြင်းသည် အွန်လိုင်းပေါ်မှာဖြစ်သည်။
သူမကို လာအက်သော sweetlife ဆိုသော အကောင့်ကို လက်ခံလိုက်မိသော သူမသည် ပရိုဖိုင်းပေါ်မှာတင်ထားသော သူ့ပုံကိုမြင်သော်လည်း သူမ ရုတ်တရက်မမှတ်မိ။

"သူမအကောင့်ဘယ်ကရပါသလဲ" 

ဟုမေးသောအခါ သူက 

 "ဒီလိုပါပဲ.. ဒါပေမဲ့ကိုယ်ကမင်းကို နှောင့်ယှက်မဲ့သူမဟုတ်ပါဘူး"

 ဟု ပြန်ပြောခဲ့သည်။
သူမကတော့ ဆွေမျိုးတချို့နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်ကနေ မေးလ်အပြန်အလှန်ပို့တာကလွဲ
ရင် အခြားကိစ္စအလေးမထားတတ်သူမို့ သိပ်စကားမပြောချင်ပါ။ သူ မေးသမျှ နာမည် အသက် လိပ်စာတွေလဲ မပြောဖြစ်ခဲ့။ နားလည်မှုရှိသည်ထင်သော သူက နောက်ဆုံး သူမပြန်ခါနီးမှ ဂျီတော့ပရိုဖိုင်းကသူမပုံကိုမြင်ပြီး မှတ်မိခဲ့တာဖြစ်ကြောင်းပြောရင်း ဖိနပ်ကိစ္စကိုပြောခဲ့ခြင်းဖြစ်သည်။
သူမက ဖိနပ်အစားပြန်ပေးပါရစေပြောသော
အခါ သူက အဝေးဆုံးကိုရောက်နေပြီဆိုတဲ့အကြောင်း သူမကိုပြန်ပြောခဲ့ပါသည်။
သူနဲ့သူမ လှည်းတန်းဈေးထဲတွေ့ခဲ့ခြင်းသည် သူ ဂျပန်မသွားခင် တစ်ရက်လို ဖြစ်ကြောင်းသိလိုက်ရသည်။

=======================================================

သူမ အနေဖြင့် အင်တာနက်ဆိုင်ထိုင်ပြီးအွန်လို
င်းသုံးခြင်းကို ၁ပတ်မှာ ၁ရက် ၁ရက်ကို ၁နာရီပဲ အသုံးပြုပါသည်။ 

"မင်းနေကောင်းရဲ့လား.. အဆင်ပြေရဲ့လား.. တစ်ခုခုဆို ကိုယ့်ကို ရင်ဖွင့်ဖော်လို့ သတ်မှတ်နိုင်ပါတယ်.."
 
တစ်ပတ်ကို ၆ရက်တိတိ ထိုစာကိုပဲ မရိုးနိုင်အောင် မပျက်မကွက်ပို့တတ်တဲ့ သူ့မေးလ်တိုတိုလေးတွေကို ၁လလောက်အချိန်ကြာသောအခါ သူမဘက်က တုံ့ပြန်မှုတွေပေးခဲ့မိသည်။

"မြတ်နိုးခင် ဆိုတဲ့နာမည်ကို သူများတွေက အလွယ်တကူမြတ်နိုးလို့ခေါ်နိုင်
တယ်လို့ ကိုယ်ထင်တယ်.. ကိုယ်ကတော့ မြတ် လို့ပဲ ခေါ်ပါရစေ.. နောက်တစ်ခုက မင်းဆီက နာမည်လေးနဲ့ အသက်လေး သိရတာကိုပဲ ကိုယ်ကျေနပ်တယ်.. ကိုယ်ဘာမှထပ်မမေးပါဘူး.."

၂၅ဆိုတဲ့အသက်အရွယ်က အွန်လိုင်းပေါ်မှာ စိတ်ကစားသင့်သောအရွယ်မဟုတ်မှန်း သူမ သိသလို အသက်၃၀အရွယ်သူပါ နားလည်နိုင်သည်ဟု သူမ ယုံကြည်သည်။ သို့သော် သူနဲ့သူမ တစ်ပတ်တစ်ရက် ကီးပုတ်ပေါ်က တဆင့်စကားတွေပြောဖြစ်ခဲ့သည်။ သူက သူကြိုက်တဲ့ ရုပ်ရှင်ကားအကြောင်း တစ်ဖက်နိုင်ငံကအတွေ့အကြုံတွေ ပြောနေခဲ့ချိန်မှာ သူမက
သူမကြိုက်တဲ့ စာအုပ်တွေအကြောင်း ကဗျာတွေအကြောင်း ပြောဖြစ်ခဲ့သည်။ 

=======================================================


သူ့ဘက်က သူ့အကြောင်းတွေအကုန်ပြောပြနေချိ
န်မှာ သူမဘက်က နားထောင်ရုံပဲတတ်နိုင်ခဲ့သည်။
ပြန်မပြောဖြစ်တဲ့ သူမအကြောင်းတွေကို သူ့ဘက်က နားလည်ပေးခဲ့သည်။

"ကိုယ်တို့အရွယ်က စိတ်ကစားရတဲ့အရွယ်မဟုတ်တာ ကိုယ်သိတယ်လေ.. နောက်ပြီး အွန်လိုင်းပေါ်က ယောက်ျားတစ်ယောက်ကို သူငယ်ချင်းအဖြစ်တောင် ဒီခေတ်ကြီးထဲမှာ ဘယ်လိုယုံမလဲလို့ မြတ် တွေးနေမှာကိုလဲ ကိုယ်သိတယ်.. အဲ့ဒီ့အတွက် ကိုယ် ဘာမှမဝေဖန်ဘူး.. မဝေဖန်ရက်တာပါ.. ကိုယ်နဲ့မင်းက အဖြူရောင်မိတ်ဆွေတွေမဟုတ်လား.."

လက်ကွက်ပေါ်မှာရိုက်ပြီး ပို့ပေးသောသူ့စာကြောင်းတွေကြောင့် သူမ သူ့အပေါ်အထင်ကြီးမိသလို ယုံလဲယုံကြည်မိသည်။
သူပေးပို့လာသောသူ့ပုံတွေ သူပြောပြလာသောသူ့၏ နေ့စဉ်လှုပ်ရှားမှုတွေ အားလုံး သူမ သိခွင့်ရခဲ့သည်။
တစ်ခါတစ်လေ သူမ ပြန်မပေးနိုင်ခဲ့သော သူမ ပုံ (ပရိုဖိုင်းတွင် သူမြင်ခဲ့သောပုံမှလွဲပြီး)၊ နောက် သူမ မသိစေချင်ခဲ့သော သူမ အကြောင်း (နာမည်နဲ့အသက်ကလွဲပြီး)၊  နောက် သူနဲ့ ဂျီတော့ call ကနေ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စကားပြောခြင်း... အဲ့ဒါတွေဘာတစ်ခုမှ သူမ မလုပ်ခဲ့သလို သူ့ဘက်ကလဲမတောင်းဆိုခဲ့ပါ။
ခင်ခဲ့တဲ့ ၆လကျော်အတွင်း သူနဲ့သူမ ရင်းနှီးနေပြီဖြစ်သည်။ တစ်ခုတော့ရှိသည်။ သူ မမေးသောမေးခွန်းကို သူမ အမှန်တိုင်းဖြေခဲ့သည်။

"အကိုက မြတ်အတွက် ပထမဆုံးနဲ့နောက်ဆုံးသံယောဇဉ်အရှ
ိဆုံး လူတစ်ယောက်ပါ.."
 ဆိုတဲ့စာကို သူမ ရေးဖြစ်ခဲ့သည်။

=======================================================

ဂျပန်တွင် အလုပ်လုပ်ရင်း ၁နှစ်ပြည့်သောအခါ ၁၀ရက်ခွင့်ယူပြီး ပြန်လာမည်ဟုပြောသောသူ့ကို သူမ ဘာမှ အဆိုးအကောင်းမပြောခဲ့။

"ကိုယ်.တောင်းဆိုးတာရိုင်းသွားခဲ
့ရင် မြတ် ခွင့်လွှတ်ပါ.. ကိုယ်ပြန်လာတဲ့တစ်ခဏ မြတ်နဲ့ ရွှေတိဂုံဘုရားမှာတစ်ခါလောက်ဆုံချင်ပါတယ်.."
 
သူမ ဘာဆက်ပြောရမလဲ မသိပါ။ ဒါပေမဲ့ သူမရင်ဆိုင်ခဲ့သမျှ အရာတွေလောက် မခါးသီးဘူးဆိုတာ သူမယုံကြည်လိုက်သည်။ ထို့ကြောင့် သူနဲ့သွားရောက်တွေ့ဆုံဖြစ်ခဲ့
သည်။
=======================================================

ရေးနေကျ စာအုပ်တစ်အုပ်ပေါ်မှာ ရေးခြစ်ဝန်ခံလိုက်တဲ့စာကြောင်းတွေကို သူ စိတ်ရှည်လက်ရှည်ဖတ်ခဲ့သည်။
သူ့မျက်နှာပေါ်က အေးချမ်းသောအပြုံးကိုသူမ ဘယ်တော့မှ မမေ့။
သူပြန်ရေးပေးသော စာကြောင်းတွေထဲမှာ နွေးထွေးမှုပါသလို ခံစားရပြီး သူ့လက်ရေးလှလှကိုလဲ သူမ သဘောကျခဲ့မိသည်။
သူနဲ့သူမ တစ်ခါပဲတွေ့ခဲ့သည်။ သူမအပေါ် သူ သံယောဇဉ်ရှိကြောင်း နားလည်ပေးနိုင်ကြောင်းလဲ သူမ ယုံကြည်မိသည်။
သူနဲ့သူမ ထာဝရခင်မင်မှုကို ထိန်းသိမ်းထားနိုင်သည်ဟု သူမ အပိုင်တွက်မိသည်။


=========================================================

ဒီလိုနဲ့.. သူနဲ့ သူမ ပန်းဆိုးတန်းက စာအုပ်တန်းတွေဘက် လမ်းလျှောက်ဖစ်ခဲ့သည်။
စီးတီးမက်ထဲ ၀င်မွှေဖြစ်သည်။
သူမအတွက် သူဝယ်ပေးခဲ့သော သူမအကြိုက် စာရေးဆရာတွေ၏စာအုပ်တွေနဲ့ သူဝယ်ပေးခဲ့သော ချစ်စရာရောင်စုံဘောပင် လှလှလေးတွေ။
သူ့အတွက် သူမပြန်ပေးခဲ့သော သူကြိုက်သော အဆိုတော်၏သီချင်းခွေတွေ။
သူနဲ့သူမအကြား တစ်ယောက်ကိုတစ်ယောက်ရိုးသားဖြူစင်စွာ တစ်သက်လုံးခင်မင်မည်ဟု သူမ ယုံကြည်မိသော်လည်း....
တစ်ရက်....   
သူ ဂျပန်ပြန်ခါနီးတစ်ရက် အလို....

သူနဲ့သူမ နှုတ်ဆက်သောအနေဖြင့် ရွှေတိဂုံဘုရားတွင်တွ့ကြသောအခါ...။

=======================================================

"မြတ်ကိုတန်ဖိုးမထားတာမဟုတ်ဘူး.. ကိုယ်မပြောဖြစ်ခဲ့တဲ့စကားတစ်ခွန်းအတွက် ကိုယ်နောင်တရနေမှာစိုးလို့.. ပထမအကြိမ်တွေ့ကတည်းက မြတ်ကကိုယ့်စိတ်ပုံရိပ်ထဲစွဲထင်ပြီးသား.. ဒုတိယအကြိမ်. အမှတ်တမဲ့အွန်လိုင်းပေါ်က ပြန်တွေ့တော့ ဖူးစာ ဆိုတာကို ကိုယ်ယုံခဲ့တယ်မြတ်.. နောက်ပြီး တကယ်ချစ်ရင် အချစ်တစ်ခုမှ ဘာမှ သာတယ်နာတယ်မလိုဘူး.. အဲဒါမြတ်ယုံပေးပါ.. ကိုယ် မြတ်ကို ချစ်တယ်.. မြတ် လက်ခံပေးပါ.."

ပထမတစ်ခေါက်စတွေ့ဖူးသော ရွှေတိဂုံဘုရား ချမ်းသာကြီးတန်ဆောင်းမှာပဲ နောက်တစ်ကြိမ် နှုတ်ဆက်စကားပြောဖို့ ထပ်တွေ့သောအခါ ချစ်သည် ဟု အပြောခံရမှာလို့ သူမ ယောင်လို့တောင်မတွေးခဲ့မိပါ

"ကိုယ့်ကိုတစ်ခုခုပြောပါ.. မြတ် စိတ်ဆိုးလဲ ကိုယ်ခံမယ်.. မြတ် အဖြေကို အချိန်ဘယ်လောက်ကြာကြာ ကိုယ်စောင့်မယ်.. ကိုယ့်ကိုစဉ်းစားပေးနိုင်မလား.. တစ်ခုခုပြောပါ.."

မိနစ်၂၀လောက်ကြာတဲ့အထိ ငြိမ်နေသော သူမကို သူ ဘယ်လိုထင်မလဲ။
စာအုပ်ပေါ်မှာ ချရေးလိုက်သည်။

"ရှင့်မှာ အပြစ်ရှိတယ်.. ချစ်တယ်ဆိုတာ အပြစ်ပဲ.. အဲ့ဒီ့အတွက် ကျွန်မတို့၂ယောက်ထပ်တွေ့ဖို့မလိုသလို ဘာမှဆက်ပြောဖို့လဲမလိုဘူးထင်ပါတယ်.. ထာဝရအတွက် ဒီနေရာတင် အပြီးနှုတ်ဆက်ပါတယ်.."
 
သူမ ရေးသောစာကိုဖတ်ပြီး သူ သူမကိုအမျိုးမျိုးစွတ်စွဲသည်။ ဖြေရှင်းချက်တွေပြန်ရေးပြသည်။
သူမဘာမှ ပြောစရာမရှိပါ။ သူမ သူ့အပေါ် မျှော်လင့်ချက်တွေမပေးပါ။ သူမလို deaf mute (ဆွံ့အနားမကြား) တစ်ယောက်အတွက် လောကမှာ အများနည်းတူ ချစ်နိုင်ကြိုက်နိုင် လက်ထပ်နိုင်မည်ဟု သူမ ဘယ်တော့မှ စိတ်ကူးမယဉ်မိပါ။
=======================================================

သူမအဖြစ်ကို အပြင်မှာတွေ့သောအခါ ရိုးရိုးသားသား ၀န်ခံခဲ့သည်။ ထိုအချိန်တုန်းက နားလည်ပေးခဲ့သောသူ့ကို သူမ ကျေးဇူးတင်မိသည်။
နောက်တစ်ခု သူ့အပေါ် သူမ တွယ်တာခဲ့သည်။ ဒါကို အချစ်ဟု သူမ ဘာသာမပြန်ချင်ပါ။ လက်လဲ လက်မခံနိုင်ပါ။
အဖော်မဲ့လှသောသူမအတွက် နားလည်ပေးတတ်သော မိဘဆွေမျိုးတွေကလွဲရင် ပထမဆုံးဆက်ဆံပြောဆိုမိသောယောက်ျားတစ်ယောက်အပေါ် တွယ်တာမိသောသူမက အပြစ်တစ်ခုကျူးလွန်သလို ဖြစ်သွားပြီလား။
ဒါပေမဲ့ သူ့အပေါ်တွယ်တာမှုတွေ၊ သံယောဇဉ်ရှိသည်ဟု ပြောခဲ့တာတွေကို သူက အချစ်ဟု့သတ်မှတ်ခဲ့သည်။
သူ မသိနိုင်သော သူမ စိတ်က သူ့အပေါ် အကိုတစ်ယောက် ထက်မပိုသော သံယောဇဉ်တွေနဲ့သာ သူမ ထာဝရဆက်ဆံချင်တာကို သူ မသိ။ သူမ ရဲ့ သံယောဇဉ်နယ်နိမိတ်ကို ထာဝရအတွက် ဘောင်ခတ်ထားချင်တာ သူမဆန္ဒ။
မတူတဲ့ဘ၀ မတူတဲ့ရပ်တည်မှုတွေ ကြားထဲက စိတ်ကူးယဉ်မှုကို သူမ မလိုလား မပိုင်ဆိုင်ချင်တာ တစ်နေ့တော့ သူ နားလည်နိုင်မည်လို့ သူမ မျှော်လင့်မိသည်။ သူမ တကယ်မျှော်လင့်မိသည်။။။။။



(ဒီဝတ္ထုတိုကို အစကတော့ ကောင်းသထက်ကောင်းအောင်ပြန်လည်ပြင်ဆင်ပြီး မှ ပို့စ်အဖြစ်တင်မယ် စိတ်ကူးမိတယ်။ နှင်းဆီဘယ်လိုပြောရမလဲ။ သေချာတာတော့ နှင်းဆီက ခဏခဏ စိတ်ဓာတ်ကျနေတဲ့သူပဲ။ နှင်းဆီဘလော့မှာ ဘာပဲတင်တင် ကောင်းကောင်းမကောင်းကောင်း သည်းခံဖတ်ပေးတဲ့ချစ်မိတ်ဆွေတွေကိုတော့ အမြဲကျေးဇူးတင်ပါတယ်။)







သို့ ... ဖေဖေ

on Monday 18 March 2013




ဖေဖေ
ဒီနေ့က ဖေဖေရဲ့ ၄၆နှစ်ပြည့်မွေးနေ့လေ...
ဟက်ပီးဘက်ဒေးပါ ဖေဖေ...
သမီးရင်ထဲကနေ ဖေဖေ့ကို စကားတွေအများကြီးပြောစရာရှိတယ်...
ဒါပေမဲ့ ဘာမှ ပြောမထွက်ပြန်ဘူး...
ဖေဖေ
ဖေဖေ့ မွေးနေ့မှာ သမီးပျော်တယ်...
ဒါပေမဲ့ ဖေဖေ အသက်တစ်နှစ်ပိုကြီးသွားတာကိုတော့ သမီးဝမ်းနည်းတယ်...
ဖေဖေ
သမီး ဖေဖေ့ကို အရမ်းချစ်တယ်...
 

တစ်စုံတစ်ရာအချစ်အတွက်...

on Monday 11 March 2013

ပြတ်တောက်နေတဲ့စကားလုံးတွေ ထပ်ခါထပ်ခါ အိမ်မက်ရင်း
ကဗျာမဆန်တဲ့ညမှာပဲ ခံစားချက်တွေ တစ်လွှာချင်း သေဆုံးကုန်တယ် ဟန်နီ။


တမိုးအောက်မှာ ရပ်နေရင်း
ရင်ဘက်ချင်း အရောင်မတူတဲ့လူသား၂ယောက်အတွက်
ဘယ်နတ်ဆိုးကများ ကိုယ့်တစ်ယောက်ထဲကိုရည်စူးပြီး အလွမ်းစည်းစိမ်ပေးသနားတော်မူလဲ။


ဒီရင်ဘက်က စီးဆင်းတဲ့မျက်ရည်အကျိုးအပဲ့တွေအတွက်တော့ ဘာသာမပြန်လိုက်နဲ့ဟန်နီ
တချို့တချို့သော အရာတွေက မျှော်လင့်ခြင်းမတူညီတဲ့ သံယောဇဉ်ပန်းပွင့်တွေ။


တစ်ခုတော့ပြောပြချင်တယ် ဟန်နီ
အချစ်မှာ ပြေးတမ်းလိုက်တမ်း ကစားတယ်ဆိုတာမရှိဘူး။


ကယ်တင်ရှင်ကို ကိုယ်ဘယ်တော့မှ လာဘ်မထိုးဘူးနော် ဟန်နီ
ဗလာမဲ့တဲ့ရင်ခွင်ကပဲ အချစ်အငွေ့အသက်ကို မှန်းမျှော်ခံစားမယ်
ကမ္ဘာတစ်ခြမ်းမှာ နေတစ်ခြမ်းသာတဲ့အထိ ဟန်နီ့ကိုချစ်နေမယ်။။။။။။။။။။။။။။။။။။

ဖြူသော နက်သောနှင်းဆီ

on Wednesday 6 March 2013

ဖြူသော နက်သောနှင်းဆီ ... ???
ဒီမေးခွန်းကို ရင်ထဲကနေ အမှန်အတိုင်းပဲဖြေပါရစေ။
အရမ်းတွယ်တာတတ်တယ်။ အရမ်းရက်စက်တတ်တယ်။ အရမ်းပျော့ညံ့တတ်တယ်။
စိတ်နာကျည်းတတ်တယ်။ နားလည်ခွင့်လွှတ်တတ်တယ်။ အရမ်းငိုတတ်တယ်။


သေချာတယ်။ နှင်းဆီက အသိဥာဏ်တွေ ပိုးစားခံတဲ့သူတစ်ယောက်။


နှင်းဆီဘ၀မှာ လိုချင်တာတာတွေ မရခဲ့ဘူးလို့ မပြောချင်ဘူး။
ဖြစ်ချင်တာတွေ မဖြစ်ခဲ့ဘူးလို့ မဆိုလိုချင်ဘူး။
တစ်ခုပဲ။
ကိုယ်ချင်းစာတရားဆိုတာ ပြောဖို့သာ လွယ်တာပါ။
လက်တွေ့ကွင်းဆင်းလေ့လာဖို့ ဘယ်သူမှ ၀ါသနာမပါဘူးလေ။


အခုနှင်းဆီ အရင်ကလိုအရမ်းမငိုတော့ဘူး။
နှင်းဆီအရမ်းနှမျောတယ်။
အရင်က အရာတွေ၊ အပေါင်းအသင်းတွေ၊ သံယောဇဉ်တွေ... အို.. နှမျောတဲ့အရာတွေပြောရရင် ကုန်မှာ မဟုတ်ဘူး။
ဒါပေမဲ့ စိတ်ကြီးတယ် ဆိုတဲ့ နှင်းဆီလိုမိန်းမတစ်ယောက်မှာ အရမ်းအားငယ်တတ်တဲ့စိတ်တစ်ခုရှိတာကိုတော့ ဘယ်သူမှမရိပ်မိပါဘူး။


နှင်းဆီအခုရှာဖွေနေတယ်။
ဘယ်မှန်းမသိတဲ့အရာတွေကိုပဲရှာဖွေနေတယ်။
အခု နှင်းဆီ လမ်းတွေလျှောက်နေတယ်။ ဒါပေမဲ့နှင်းဆီမှာ ဦးတည်ချက်မရှိဘူး။
ရည်ရွယ်ချက်မရှိဘူး။
အများအမြင်မှာ နှင်းဆီကပျော်နေတယ်။
တစ်ခါတစ်လေ ပေါက်ကွဲနေတယ်။
တစ်ခါတစ်လေ ကြောင်တောင်တောင်နိုင်တယ်။
အားလုံးရဲ့နောက်ကွယ်က ပြတ်တောက်နေတဲ့မျက်ရည်စီးကြောင်းကို ဘယ်သူမှ ခြေရာမခံနိုင်ဘူး။


နှင်းဆီကိုဝေဖန်ကြပါ။ အပြစ်မြင်ကြပါ။
ဘယ်လိုပြောပြော နှင်းဆီရင်နာနာနဲ့ခံလိုက်မယ်။
နှင်းဆီကဘာလဲ။ နှင်းဆီက ဘယ်သူလဲ။
မေးခွန်းတွေကိုနှင်းဆီသိပ်မုန်းတယ်။
ပတ်ဝန်းကျင်ရဲ့စကားတွေအတိုင်းပဲ နှင်းဆီကိုမြင်ကြည့်လိုက်။
ပတ်ဝန်းကျင်က ဆိုးတယ်ပြောခဲ့ရင် နှင်းဆီဆိုးပြမယ်။
ပတ်ဝန်းကျင်က လိမ်မာတယ်ပြောခဲ့ရင် နှင်းဆီလိမ်မာပြမယ်။


ဟင့်အင်း။ နှင်းဆီ လူတွေကိုမမုန်းပါဘူး။
လူတွေကိုကြောက်တာ။ ရွံ့တာ။
လူတောမတိုးတာ။
အွန်လိုင်းပေါ်ကလွဲရင် အပြင်မှာ ဆက်ဆံရေးမကောင်းတာ။
ဟားဟား
အခုလိုမျိုး ဒီရင်ဘက်ထဲက စာစီစာကုံးတွေချရေးတာကို တွေ့တိုင်း လူတွေအမြင်မကြည်မှန်းလဲသိနေပါတယ်။


အခုနှင်းဆီ ရင်ဖွင့်ချင်တယ်။ တစ်စုံတစ်ယောက်ကို။
နှင်းဆီပြောပြချင်တယ် တစ်စုံတစ်ခုကို။
အဲ့ဒါကပဲ မှားယွင်းတဲ့တစ်စုံတစ်ရာဖြစ်နေတယ်။
အဲ့ဒီတော့ ဘယ်သူ့ကိုမှ အပြစ်တင်ချင်စိတ် နှင်းဆီမှာ မရှိတော့ဘူး။


နှင်းဆီမရူးသေးပါဘူး။
ဟော.. မနေ့ကလေးတင် မိသားစုပြသနာတစ်ခုတက်သေးတယ်။
သေချာတယ် နှင်းဆီမရူးသေးဘူး။ အားလုံးကိုစကားပြောနိုင်သေးတယ်။
နောက်ဆုံးတစ်ခုက
ဆရာမ မစန္ဒာရဲ့ အရိပ်ဆိုတဲ့ဝတ္ထုကို နှင်းဆီအရမ်းကြိုက်တယ်။ ၄ခါမြောက်အဖြစ် ဒီနေ့ထပ်ဖတ်မိတယ်။။။



(အခုတလော နှင်းဆီစာမရေးဖြစ်ဘူး။
တိတိကျကျပြောရရင် စာမရေးဖြစ်တာ ၃လကျော်ပြီပေါ့။
နှင်းဆီဆိုတာ တစ်ခါတုန်းက အရမ်းခင်တွယ်ခဲ့ဖူးတဲ့ နိုင်ဆိုဒ်တစ်ခုမှာ စာတွေစရေးဖူးတဲ့တစ်ယောက်သောသူပေါ့။
အခုတော့ နှင်းဆီ အဲ့ဒီ့နိုင်ဆိုဒ်ကနေထွက်လိုက်ပါပြီ။
အခြားဆိုဒ်တွေတော်တော်များဝင်ဖူးတယ်။
ဒါပေမဲ့ အားလုံးကအပေါ်ယံတွေပဲလို့ ကိုယ့်စိတ်ထဲ ခံစားသတ်မှတ်မိတယ်။
အခုလဲနှင်းဆီရဲ့ ဒီနေ့စိတ်ထဲပေါ်နေသမျှ ရေးလိုက်မိတဲ့စာ အဓိပါယ်မရှိဘူးဆိုရင် ဖတ်တဲ့သူများ ကိုအားနာကြောင်း ပြောပါရစေ။ နှင်းဆီက အဲ့လိုလူမျိုးပါ။)...