ရိုးမြေကျ

on Thursday 24 January 2013


စကားလုံးတွေမပြောင်မြောက်ခဲ့ဘူး
ရင်ဘက်ချင်းနီးမယ်ထင်တဲ့ စိတ်တစ်ခုနဲ့
စီးချင်းတိုက်ပွဲ ၀င်ခဲ့မိတာ
ဒုက္ခက အရှင်ဘုရင်ဆို
ဟာသကို မိဖုရားနေရာထားလို့
ရင်ထဲငိုနေပေမဲ့
အပြုံးတွေတပ်ဆင်ပြီး
come on လို့ ကံကြမ္မာကို စိန်ခေါ်ခဲ့တာ အကြိမ်ကြိမ်။


နေပူရင် သာယာတယ်
မိုးရွာရင် အေးချမ်းတယ်
နှင်းကျရင် လှပတယ် ဆိုတဲ့
ခပ်တုံးတုံးအတွေးထဲက
ခပ်ရိုးရိုး စကားတွေပဲ ပြောဖြစ်ပေမဲ့
တစ်ခါတစ်လေ အဲဒီ့စကားလုံးတွေကပဲ
မနက်ဖြန်အတွက် နံရိုးတစ်ချောင်းဖြစ်နေတတ်တယ်။


အမှိုက်လဲအတူတူကောက်မယ်
ပန်းကန်လဲအတူတူဆေးမယ်
ရန်ဖြစ်ချင်တဲ့အခါ စကားလုံးတွေမနာကျည်းအောင်ဂရုစိုက်ရင်း
ကျောကိုထုပစ်လိုက်တယ်
ခံတဲ့သူလဲ ပြုံးပြုံးလေးပဲ
ဒီလို လောဘ ဒေါသ မောဟ တွေနဲ့ ကျင်လည်နေရင်း
ဓမ္မစက်အောက် အတူတူခိုဝင်ဖို့လဲ မမေ့ခဲ့ဘူး။


အခုလို အသက်မျှင်းမျှင်းရှုနေတဲ့အချိန်အတွင်းတော့
အားအင်တွေမဲ့နေလဲ
သာယာတဲ့အပြုံးချင်းဖလှယ်ပြီး
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်လို့
ရေတစ်စက်ပဲ ကျန်ပါစေ
အတူတူမျှဝေသောက်မယ်။


ငယ်ချစ်ဦးမို့ လွမ်းခွေပန်းခြင်းချရင်လဲ အတူတူဖြစ်ချင်တယ်...။။။

2 comments:

Yoemyaykya said...

ရိုးမြေကျကဗျာကို ရိုးမြေကျက ဦးဦးဖျားဖျားလာအားပေးသွားတယ်နော်။ အရင်ဘလော့လေးက ဘာဖြစ်တာလဲဟင်။ အစ်မနောက်ဆိုရင် ဘလော့ back up ယူထားသိလား။ ကျနော်လဲ တခါဖြစ်ဖူးတယ်။

Unknown said...

ဟုတ်။ အဲ့ကဗျာလေးက ရေးထားတာကြာပြီ။ နိုင်ဆိုဒ်တစ်ခုမှာတင်ဖူးတာ။ နောက်မှ ဒီကရိုးမြေကျနဲ့ ဘလော့ဖွင့်ပြီး သိတော့မှ နာမည်ချင်းတူနေမှန်းသိတာ။ အရင် နှင်းဆီရောင်မှာလဲ တင်ထားတယ်လေ။ ဟုတ်။ စာသာရေးချင်တာ။ နည်းပညာပိုင်းကတော့ချာတူးလန်ပဲ။ ဒါတောင် အကိုညီလင်းနိုင် ကူညီပေးလို့ ကျေးဇူးတင်နေရတား)

Post a Comment