နိုဝင်ဘာကျိန်စာ

on Wednesday 13 November 2013

စိတ္တဇဆန်ဆန်ပြုမူတတ်သလို
ကြောင်တောင်တောင်တွေးခေါ်တတ်တယ်
ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာအတိုင်း ဆက်ဆံတတ်လို့
နားလည်ဖြေသိမ့်ပေးမဲ့သူမရှိတဲ့ဘ၀မှာ
နေသားမကျတကျနဲ့ ရပ်တည်ခဲ့တာ
အခုဆို နောက်တစ်ကျော့နိုဝင်ဘာရောက်ခဲ့ပြန်ပြီ...။


ရယ်ချင်လိုက်တာ ကံကြမ္မာရယ်
ဘာအမှတ်တရမှ မရှိခဲ့ဖူးတဲ့ မွေးနေ့တိုင်းကို
ရင်နာနာနဲ့ကျော်ဖြတ်ခဲ့ပြီးပြီပဲ
ဒီနှစ်ဒီရက်မှာ မွေးနေ့မွေးနံ တိုက်ဆိုင်တော့လဲ
ဘာပြောင်းလဲသွားမှာတဲ့လဲ
ကြိုတင်မျှော်လင့်ထားပါတယ်
ဒီနှစ်လဲ ငိုရမယ်ဆိုတာ
တကယ်ဆို
ကျိန်စာသင့်နေတဲ့မွေးနေ့ရှင်တစ်ယောက်အတွက်
ဘယ်တန်ခိုးရှင်မှ ထွက်ပေါ်မလာနိုင်တာ
နှစ်ပေါင်း ၂၀ ကျော်နီးပါး နားလည်ခဲ့ပြီးပြီလေ…။


အမှားတွေ အလွဲတွေ
ကြေကွဲမှုတွေ
ရှုံးနိမ့်မှုတွေ
ခါးသက်ခဲ့တယ်
အရမ်းကိုခံရခက်ခဲ့တယ်
ရင့်ကျက်ပြီလား ဆိုတဲ့ မေးခွန်းအတွက်လဲ
ဖြေစရာအဖြေမရှိသေးဘူး
ဝန်ခံရရင်
ကိုယ်က ကြယ်မရှိတဲ့ကောင်းကင်အောက်မှာ
လွင့်မျောနေတဲ့စိတ်နဲ့ရပ်တည်နေတဲ့
ဦးတည်ချက်မရှိတဲ့အမှုန်တစ်မှုန်လေ…။


သေချာပါတယ်
ဒီမွေးနေ့ရောက်တဲ့အခါမှာ
အားလုံးနဲ့ခေတ္တခဏအဆက်အသွယ်ဖြတ်လို့
မသိနိုင်တဲ့ ငိုကြွေးခြင်းတွေ ရင်ထဲကနေ မွေးထုတ်ဦးမယ်…။


ဝမ်းမနည်းကြေးနော်
တကယ်လို့ မွေးနေ့ပဲဖြစ်ဖြစ် ရက်လည်ပဲဖြစ်ဖြစ်
အချစ်နဲ့အမုန်း
အဖြူနဲ့အမည်း
ရှင်သန်ခြင်းနဲ့သေခြင်းတရား
ဒွန်တွဲမှုတွေကိုကြိုက်နှစ်သက်သလို
ကျိန်စာကိုလဲ ခံစားလက်ခံနိုင်ပြီဖြစ်တဲ့အရွယ်မို့လို့
တကယ်လို့များ
တစ်ခုခု မှားယွင်းခဲ့ရင်
မငိုကြေးနော်
အင်း… နိုဝင်ဘာကျိန်စာကြောင့်
ဘယ်သူမှ မငိုကြေး…။
ကိုယ်တစ်ယောက်ကလွဲလို့ပေါ့…။


 (နှင်းဆီရဲ့မွေးနေ့က နိုဝင်ဘာလထဲမှာရှိပါတယ်။ မွေးနေ့ရောက်တိုင်း နှင်းဆီတစ်ခုမဟုတ်တစ်ခု အကြောင်း တစ်ခုခုကြောင့်ပေါ့နော် အမြဲငိုရတယ်။ 
နှင်းဆီရဲ့ မကျရောက်သေးတဲ့မွေးနေ့အမှတ်တရရေးထားတဲ့ ခံစားချက်အစစ်အမှန်လေးပါ)


အဖေများနေ့အမှတ်တရ

on Saturday 15 June 2013

ဘယ်အရာကိုမှ တရားသေ ဆုပ်ကိုင်ထားခွင့်မရတဲ့လောကကြီးမှာ
ချစ်သောဖေဖေရဲ့လက်တစ်စုံကိုတော့
သမီးလေး အမြဲတမ်း ကိုင်ထားခွင့်ရချင်တယ်ဖေဖေ...


အနိုင်ကျင့်နိုင့်ထက်စီးနင်းလုပ်တာခံရတိုင်း
ဝမ်းနည်းမျက်ရည်တွေတသွင်သွင်စီးကျတိုင်း
အိမ်မက်ဆိုးတွေနေရာယူယူလာတိုင်း
ဖေဖေ လို့သာ တမ်းတယောင်ယမ်းခေါ်တတ်တဲ့
သမီးလေးရဲ့ နှလုံးသားမှာ
လောကဓံအထုအထောင်းဒဏ်ရာတွေအပြည့်ပေါ့ ဖေဖေရယ်...
ဒါပေမဲ့ သမီးဘယ်နေရာရောက်ရောက်
ဘယ်လိုနာကျင်နာကျင်
ဖေဖေသာ သမီးလေးရဲ့ စိတ်အစဉ်ကို မေတ္တာနဲ့အကောင်းဆုံး ကုစားပေးနိုင်သူအဖြစ်
သမီးလေးသတ်မှတ်ထားတယ်...


တကယ်တော့ ဖေဖေရယ်...
တာဝန်ကျေခြင်း မကျေခြင်းထက်
နွေးထွေးမှုပေးခြင်း မပေးခြင်းထက်
ဖေဖေ ဆိုတဲ့ အသိတစ်ခုနဲ့တင်
ဖေဖေ ဘာလုပ်လုပ် ဘာဖြစ်ဖြစ်
မျက်စိမှိတ်ထားရင်း ဖေဖေ့ကိုသာ
သမီးလေး ချစ်တာပါ...


ဖေဖေ
ဒီနေ့လိုနေ့မျိုးမှာ ဖေဖေသာ သမီးလေးအနားရှိရင်
ဘုရားအတူတူသွားလို့
ကုသိုလ်ကောင်းမှုတွေအတူတူလုပ်လို့
ဖေဖေ့အတွက် အမှတ်တရလေးတွေဖန်တီးပေးလို့
ဖေဖေနဲ့သမီးလေး အတူတူ ရှိနေစေချင်တာပေါ့...


ဖြစ်နေတဲ့ဘ၀ကိုကျေနပ်နေတာတော့ မဟုတ်ပါဘူးဖေဖေရယ်...
မဖြစ်နိုင်တဲ့ဘ၀ကို မတောင့်တပဲ
ကြေကွဲနေတဲ့စိတ်နဲ့သာ ရပ်တည်နေတဲ့ သမီးလေးရဲ့နေ့ရက်တိုင်း
တစ်ခုခုဆို ဖေဖေ လို့ အားကိုးတကြီးခေါ်ပြီး
တစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့စိတ်နဲ့
ရင်ကော့ခေါင်းမော့ပြီး
အရာရာကိုရင်ဆိုင်ချင်တယ်...


အခုတော့ သမီးလေးတစ်ယောက်ထဲ
အဝေးကနေ ဖေဖေ့ကိုလွမ်းနေရတာ
တကယ့်ကို ဆိုးဝါးလွန်းတဲ့ဘ၀လို့
သမီးလေးတကယ်ခံယူထားတယ်...

ဖေဖေ
ကျေးဇူးပြုပြီး
ဘယ်လိုပဲဖြစ်ဖြစ် သမီးလေးရဲ့အဖေအဖြစ်ရပ်တည်ပေးပါ...
သမီးလေးရဲ့ ဖေဖေ လို့ခေါ်သံကို ကြည်နူးစွာလက်ခံပေးပါ...
လူတိုင်းက လမ်းတစ်လမ်းစီလျှောက်နေကြပေမဲ့
သမီးလေးလျှောက်မဲ့လမ်းခရီးမှာ ဖေဖေ က သမီးလေးရဲ့ ထာဝရဘုရားသခင်အဖြစ် ရှိနေပေးပါ...
ဖေဖေ့ကို ချစ်တယ် ဖေဖေ...။။။
(နှင်းဆီ စိတ်လေနေတာကြာပြီ။ ချစ်သောဘလော့ဂါမိတ်ဆွေဆီလဲ မရောက်ဖြစ်ဘူး။ ခွင့်လွှတ်ပါတော့။ မနက်ဖြန် ၁၆.၆.၂၀၁၃ မှာ ကျရောက်မဲ့ Father day အတွက် နှင်းဆီရဲ့ ခံစားချက်လေးနဲနဲအန်ထုတ်ရင်းစာမျက်နှာပေါ်တင်မိပြန်ပါတယ်။)

ဗိုင်းရပ်စ်ဝင်သောနေ့

on Monday 20 May 2013

ပြောနေကျမဟုတ်တဲ့စကားတွေပြောမယ်
တကယ်တော့ အထာမကျလဲ
ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်လို့ ရတာပဲဟုတ်
ဟို့လူထိ ဒီလူတိုးနဲ့
ကဲ... ဒီပန်းတိုင်ရောက်တော့ရော
ဒီလိပ်ပြာကအဖြူရောင်ပဲဖြစ်မယ်လို့ မျှော်လင့်နေလား...


မလုပ်ပါနဲ့ မသတ်ပါနဲ့
အဲ့လိုမရက်စက်ပါနဲ့
ဟဲဟဲ..မကြောက်ပါနဲ့ကွယ်...
လက်ဖျားနဲ့တောင်မထိဘူး
စိတ်ကိုပဲဒဏ်ရာရအောင် လုပ်လိုက်တာ
ခံရခက်လားကွဲ့...
သြော်... မေးမှ မေးတတ်ပေတယ်
အဲ့ဒီ့စိတ်တစ်ခုနဲ့ ကမ္ဘာတောင်ပတ်လို့ရမှတော့
အဲ့ဒီ့စိတ်သေရင်လဲ အသုဘဖြစ်တာပဲလေ...


မနာပါဘူး
နဲနဲလေးတောင် မထိခိုက်ဘူး...
လုပ်လေ.. 
မိုးရွာတယ်ဆိုတာ ၃၆၅ရက်လုံးရှိခဲ့လို့လား
ကျိန်စာတိုက်တယ်ဆိုတာ
ဝါသနာကိုမပါခဲ့တာ
တစ်ခုတော့ရှိတာပေါ့
တိုးပြီးဝင်ခဲ့တာတော့မဟုတ်ဘူး
တွန်းပြီးထည့်ခဲ့တာ
ဒီအမုန်းမြို့တော်ထဲကို
အဲ့ဒီ့တော့
အမုန်းတွေနဲ့ပဲရှင်သန်နေရမဲ့လူငယ်တစ်ယောက်အတွက်
အမုန်းတွေနဲ့လား ဆိုတဲ့ ရိတဲ့တဲ့စကားတော့ လာမမေးကြေး.....



ကြယ်တစ်စင်းအတွက် အမှတ်တရတချို့

on Saturday 18 May 2013
ကြည်နူးခြင်း
ဝမ်းသာခြင်း
ပျော်ရွှင်ခြင်း
ပြီးတော့ နွေးထွေးခြင်းတွေ တပွေ့တပိုက်ကြီးနဲ့
သူ့မွေးနေ့ဆိုတာကြီးကို
စွဲကိုင် လှုပ်ရမ်းလိုက်ချင်တာ...

တကယ်ပါ...
တခဏတာပိုင်ရတဲ့
ဘ၀အပိုင်းအစလေးမှာ
သူတန်ဖိုးထားမြတ်နိုးတဲ့အရာရာကို
ထာဝရသိမ်းပိုက်နိုင်စေဖို့ပဲ
ဆုတောင်းပေးချင်တယ်...

သူ့အတွက်စိုက်ထူထားတဲ့
ရင်ထဲက အဖြူရောင် ကဗျည်းကျောက်စာတိုက်ထဲမှာလဲ
သူ စိတ်ချမ်းသာပါစေလို့
ထပ်ခါထပ်ခါ စာစီကုံးပြီး
ထုဆစ်နေမိတယ်...

သိလား....
ဒီနေ့လေးက သူ့မွေးနေ့လေ
ဟော...ကြည့်စမ်း...
ပြာရီလဲ့လဲ့ကောင်းကင်အောက်
သက်ရှိမှန်သမျှ
ကာရန်လေးတွေနဲ့
စည်းချက်ကျကျ ကခုန်လှုပ်ရှားနေကြတာ
ဒါပေမဲ့
သူ့မွေးနေ့လောက်
ဘယ်သံစဉ်မှ အချိုးမပြေဘူး...

သူ့ကို ကျနော် သိပ်ခင်တာ....
ဘယ်လိုပေတံမျိုးနဲ့မှ
တိုင်းတာစရာမလိုအောင်
နှိုင်းယှဉ်စရာမလိုအောင်
သစ်ပင်လို တည်မြဲတဲ့ ခင်မင်မှုမျိုးနဲ့
ကျနော် အရမ်းတွယ်တာတယ်...

နောက်တစ်ခုက
တော်မ၀င် စံမမှီလဲ
ကျနော့်ရဲ့သူ (အကို့)အတွက်
အမှန်တကယ်ဖြစ်စေလိုတဲ့ဆန္ဒနဲ့
မွေးနေ့ဆုတောင်းပေးချင်တယ်...

အကို့ဘ၀လေး ငြိမ်းချမ်းပါစေ...

နာကျင်လွမ်းမောဖွယ်အတွေးတွေထဲက
လွတ်မြောက်ပါစေ...

လောကဓံမုန်တိုင်းတိုက်ခတ်ခြင်းမှ
ကင်းရှင်းပါစေ...

အစားထိုးမရတဲ့ ဆုံးရှုံးခြင်းတွေဖြစ်ပေါ်ခြင်းမှ
ကွေကွင်းနိုင်ပါစေ...

အကို့အနာဂတ်ကို
ဘယ်လိုထိခိုက်မှု နာကျင်မှုမှ မပါပဲ
ကိုယ့်နှလုံးသားနဲ့ကိုယ်
အကောင်းဆုံးနဲ့ အလှပဆုံး
ခြယ်မှုန်းနိုင်ပါစေ........။။။။။။

 It doesn’t matter where you are or what you are doing...
You are my bro...
You are always there for me, supporting me, encouraging me , listening to me and all those other things that brother do...
You are good boy bro...
I always stay beside to u... whatever...

On this special day, I wish you all the very best, all the joy you can ever have and may you be blessed abundantly today, tomorrow and the days to come! May you have a fantastic birthday and many more to come...
HAPPY BIRTHDAY!!!!

အရောင်မဲ့မျှော်လင့်ခြင်း

on Monday 29 April 2013

နင်တားထားတဲ့စည်းအတွင်းမှာပဲ
မျက်စိမှိတ်ပြီး ရပ်နေတဲ့သူပါဟာ
တစ်ခါတစ်လေလေးတောင် လွမ်းခွင့်မရှိအောင်
ငါ့နှလုံးသားက တော်မ၀င်လို့လား...

 
ခိုးခိုးပြီးတွယ်တာ
ခိုးခိုးပြီးလွမ်း
ခိုးခိုးပြီးထားနေရတဲ့ ငါ့သံယောဇဉ်တွေက
အသုံးမကျဘူးပဲထားလိုက်
ဒါပေမဲ့
နင်မသိလဲငါ့ကိုယ်ငါ အပြစ်တွေပေးနေမှာပဲ
ငါ့ကနောက်ဆုံးမှာကျန်ခဲ့မဲ့သူဆိုတာ
နင်ပြောစရာမလိုလောက်အောင်
ငါ့ကိုယ်ငါဝန်ခံပြီးသားပါ...


အခုလိုကယောင်ခြောက်ခြားပြောနေတဲ့
ငါ့စကားလုံးတွေက
နင့်အတွက်ရယ်စရာဖြစ်နေဦးမှာပဲ
ဟုတ်ပါတယ်
လိုအပ်မှု ခြားနားမှုတွေနဲ့
လူ့လောကရဲ့
သေချာခေါင်းစဉ်တပ်စရာမလိုတဲ့
စည်းမျဉ်းစည်းကမ်းတွေကြားမှာ
ငါလဲအမြဲရူးနေရမှာပဲ
စမ်းသပ်ကြည့်စရာမလိုပါဘူးဟာ
အမြဲလိုလိုခေါင်းငုံ့ထားလဲ
သံယောဇဉ်တွေပြောင်းသွားတာမှမဟုတ်တာ
နင်အသိအမှတ်မပြုလဲ
ငါတိတ်တိတ်လေးပါပဲ...


နင်မပေးချင်ပေးချင် ပေးခဲ့တဲ့ ဂရုစိုက်မှုတွေကိုပဲ
ငါမြတ်နိုးနေမိတာ
သတိတွေရနေမိတာ
နင်သိလား
အမှတ်တမဲ့နဲ့နင်ပြောထွက်တတ်တဲ့
အရိပ်အငွေ့လေးတွေကို
တစ်သက်လုံးစာအတွက်
ငါက အပိုင်သိမ်းဆည်းထားချင်တာ
နင်မကြည်ဖြူတာကို သိသိရက်နဲ့ပေါ့...


ဝေးဝေးမှာနေလဲ
ငါ့စိတ်ထဲနီးသလိုပဲထင်နေတာ
လူတွေက၀ိုင်းပြောလဲ
ငါ့စိတ်ထဲဘာမှကိုမခံစားဖြစ်တာ
ပြောရရင်
နင်နဲ့အဆင်ပြေတိုင်း
နင့်အကြောင်းလေးတွေတွေးရင်း
အမြဲလိုလိုပြုံးနေတဲ့င့ါနှုတ်ခမ်းတွေ
ငါ့အပြုံးတွေ
ဘာတစ်ခုမှဟန်ဆောင်တာမပါဘူး သိလား
ငါက ထိလွယ်ခိုက်လွယ်ခံစားလွယ်တယ်ဆိုတာ
ငါရေးတဲ့စကားလုံးတိုင်းက သက်သေပါ...


ငါဘာမှအသုံးမကျဘူး
ငါဘာမှအားကိုးမရဘူး
ငါ...
ငါ...
ဒါပေမဲ့
အရမ်းဆိုးတဲ့ငါက
နင့်အတွက်ဆိုပြီး တဖြည်းဖြည်းချင်းလိမ္မာနေပါတယ်ဟာ
အဲ့လိုလိမ္မာချင်နေတဲ့ငါ့အတွက်
နင်ဘက်ကဘာမှမလိုက်လျောလဲ
နင်မထိခိုက်အောင် ငါမျှော်လင့်ချင်တယ်...။။။

 
 (စိတ်ရူးပေါက်ပြီးရေးချင်ရာရေးသည်)

ဒဏ်ရာတွေနဲ့အတူတူ ပြန်လည်မျှော်လင့်မိခြင်း

on Friday 12 April 2013
မောင်ရေ
လက်ချိုးမရေထားလဲ
တစ်ရွက်ပြီးတစ်ရွက် တဖြုတ်ဖြုတ်ကြွေလာတဲ့ ရက်စွဲတွေကြားထဲ
တန်ခူးလေရဲ့ နွေဦးအလွမ်းကို
ရင်နာနာနဲ့တဖန်ပြန်ပြီး ခံစားနေရပြန်ပြီ။


မောင်မှတ်မိမလား
ရိုးမြေကျပေါင်းဖို့ စာလုံးတွေအတူတူ ချရေးဖူးတာတွေလေ
အခုတော့
ဝေးဝေးကိုလွင့်ထွက်သွားခဲ့တဲ့
မောင်ရဲ့ သစ္စာတရားဝါကျတွေကို
ကျွန်မဘယ်လိုမှ ပြန်လည်မသိမ်းပိုက်နိုင်ပါလားကွယ်။


မောင့်အပေါ် ဘယ်တော့မှ အပြစ်မမြင်ရက်လဲ
ကျွန်မကိုယ်ကျွန်မ နှိပ်စက်လို့မ၀သေးဘူး
မောင်ရယ်
ကျန်နေခဲ့သူကျွန်မက အခုအချိန်ထိ မရင့်ကျက်သေးပဲ
အချစ်ဆိုတာကို မကိုးကွယ်ပဲ မနေနိုင်သေးတာ
မောင်သိရဲ့လား။


ကျွန်မ မမှားလဲ မောင့်အပေါ် ထပ်ခါထပ်ခါတောင်းပန်တတ်တဲ့
မောင့်အပေါ် မျက်စိမှိတ်နားလည်ပေးတတ်တဲ့ကျွန်မက
ခပ်တုံးတုံးမိန်းမတစ်ယောက်တဲ့လား
အရမ်းသ၀န်တိုမှ အချစ်လို့သတ်မှတ်မှာလားမောင်ရယ်။


ပြောပိုင်ခွင့်မပေးထားလဲ 
မောင်ပြန်လာပါလားလို့ ကျွန်မပြောချင်လိုက်တာ
မောင်လက်ပြခဲ့ပေမဲ့
ကျွန်မဘက်က ပြန်လာမလားလို့ထင်နေခဲ့တာ
အခုဆို
နှစ်ပတ်လည်နွေပါတီရောက်လာပြန်ပြီ
မောင်အခုထိ ကိုယ်ယောင်ဖျောက်ကောင်းတုန်းပဲနော်။


မောင်ရေ
ကျွန်မရဲ့အလွမ်းတွေကြောင့် မောင့်ကို တစ်ခါထပ်ပြီး တောင်းပန်လိုက်ဦးမယ်
တစ်ခုတော့ရှိတယ် မောင်
မောင်ပျံသန်းလို့ဝရင် 
ကျွန်မအရိပ်ထဲပြန်နားခိုလှည့်ပါ
အခုအချိန်မှာ
ကျွန်မက နွေသစ်ပင်ဖြစ်နေပေမဲ့
မောင့်အတွက်ဆို
ကျွန်မက ပုံစံချက်ချင်းပြောင်းလဲပြီး
အေးမြမှု၊ နွေးထွေးမှုတွေကိုပြန်လည်ထုတ်ပေးမှာပါ
ရင်ထဲကဒဏ်ရာတွေအတွက် ဗွေမယူပဲနဲ့ပေါ့။။။။။

အချစ်တွေနဲ့နှုတ်ဆက်ထွက်ခွါသူ


ဒီနေ့မနက်က မိုးတွေ သည်းသည်းမဲမဲရွာတယ် မောင်။

တကယ်လို့ ရုတ်တရက်မိုးချိန်သံကိုသာ မေ မကြားရဘူးဆိုရင် မေ့ စိတ်ကူးထဲမှာ မောင်နဲ့မေ ချစ်သူဖြစ်နေတုန်းပဲလို့ မေ ထင်မိမှာပဲ။

အခုတော့ မေ့ အခန်းပြတင်းပေါက်ကနေ အဝေးကို လှမ်းကြည့်ပြီး စိတ်ကူးထဲ မျောလွင့်နေတဲ့မေ့ကို မိုးချိန်းသံတစ်ခုက မေနဲ့မောင် ဝေးကွာခဲ့ပြီ ဆိုတာကို သတိပေးသလို ဖြစ်နေတယ်။

ဟုတ်တာပေါ့လေ။

တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေအောက်မှာ စတင်ဆုံတွေ့ခဲ့ပြီး လေပြင်းတွေတိုက် မိုးတွေချိန်း လျှပ်စီးတွေလက်တဲ့ အပြင်းစားမိုးရေတွေအောက်မှာပဲ မေနဲ့မောင် လမ်းခွဲခဲ့တာ။

ဒီနေ့က မထင်မှတ်ပဲ မိုးတွေရွာတဲ့နေ့။ အမှတ်တမဲ့ဖြစ်နေတဲ့ မေနဲ့မောင် လမ်းခွဲတာတစ်နှစ်ပြည့်တာနေ့။

၁နှစ်ရှိပြီ။

၁၂လရှိပြီ။

၃၆၅ရက်ရှိပြီ။

"မောင် မရှိရင် မေ ဘယ်လိုနေရမလဲ"

လို့ အမြဲတမ်းမောင့်အပေါ် ချွဲချွဲနွဲ့နွဲ့ ပြောခဲ့ပေမဲ့ အခုတော့ မောင်မရှိတဲ့ ကာလတွေမှာ ပုံမှန်ထက် နဲနဲလေးလွဲနေတဲ့ နေထိုင်မှု ပုံစံနဲ့ မေ ရပ်တည်ခဲ့ပါတယ်။

နေရာကတော့ စိမ်းလန်းသာယာတဲ့ ပြင်ဦးလွင်မြို့လေးမှာပေါ့။

မေ့ စိတ်တွေ ပျော်နေမယ်လို့များ မောင် ထင်နေမလားကွယ်။
***********************************************************************************************
အဲဒီနေ့က မိုးဖွဲဖွဲလေးရွာနေတယ်။

MD က အစည်းအဝေးရှိတယ်ပြောလို့ မေတို့ ၀န်ထမ်းတွေအားလုံး meeting room ထဲမှာ ထိုင်နေကြတယ်။

ခဏနေတော့ MD နဲ့အတူတူ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ပုဆိုးနဲ့အော်တာရှပ်ကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မောင် တို့ meeting room ထဲဝင်လာကြတယ်။

MD ရဲ့ မိတ်ဆက်ပေးမှုကြောင့် မောင်က MD ရဲ့ တူအရင်းဖြစ်တယ်ဆိုတာရယ် မေတို့ စာရင်းစစ်ဌာနမှာ အဖွဲ့မှူး ခေါင်းဆောင်အနေနဲ့ အလုပ်ဝင်မယ် ဆိုတာတွေပါ သိလာရတယ်။

မှတ်မှတ်ရရ အဲ့နေ့က မိုးဖွဲဖွဲလေးရွာနေသလို မောင့်နာမည်ကလဲ မိုးစက်နိုင် တဲ့။

သီရိမေ ဆိုတဲ့ မေ့ကို သူများတွေ ခေါ်သလို သီရိလို့ မခေါ်ပဲ မေ လို့ခေါ်ပြီး မိတ်ဖွဲ့လာတဲ့မောင့်ကြောင့် ရုံးက လူတွေကပါ သီရိ ကနေ မေ လို့ ပြောင်းလဲပြီးခေါ်ကြသလို မောင်နဲ့မေ့ကို ရှေ့တင်ရော ကွယ်ရာပါ စနောက်တတ်ကြတာ။

ဘယ်တော့မဆို ရိုးရိုးအေးအေးနဲ့ စကားကို ချိုချိုသာသာပြောတတ်တဲ့ မောင်နဲ့ အလိုမကျတိုင်းဂျစ်ကန်ကန်စူပုတ်ပုတ်မျက်နှာထားမျိုး လုပ်တတ်တဲ့မေ့ တို့၂ယောက် အကျင့်စရိုက် မတူပေမဲ့ ချစ်သူတွေ ဖြစ်ခဲ့တာ။

"မေ့ကို ဘာလို့ချစ်တာမောင်"

ဟုမေးတိုင်း

"မေရဲ့ ထောင့်မကျိုးတဲ့ ပုံစံလေးကို အသည်းယားပြီး ချစ်တာ"

ဆိုပြီး ပြန်ဖြေတတ်တဲ့ မောင်ပါ။
***********************************************************************************************
မေ တို့၂ယောက် စရိုက်မတူမှန်း အစကတည်းက မောင်ရော မေပါ သိနေခဲ့တာ။

ဖတဆိုးသမီးလေးမို့လို့ အိမ်က အမေနဲ့အဒေါ်တွေ ကြားထဲမှာ ဆိုးချင်သလိုဆိုးနွဲ့နေတဲ့ မေနဲ့ စည်းကမ်းတင်းကျပ်သော ကျောင်းဆရာ ဆရာမ လင်မယားရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ မောင် ဟာ အလွန်ပဲ ချစ်သူကို ချစ်မြတ်နိုးတတ်တဲ့ ယောက်ျားတစ်ယောက်ပါ။

မေ ဂျီကျ ဆိုးနွဲ့သမျှ မောင်သည်းခံခဲ့တာ။ မေ စိတ်တိုတိုင်း လူကြားမရှောင် သူကြားမရှောင် ကျောခုံးကို ထုရိုက်သမျှ အပြုံးမပျက် မောင် နေနေခဲ့တာ။ မေ ဘယ်လောက်ပဲ အော်ဟစ်သမျှ မောင် အပြစ်မမြင်ခဲ့တာ။

မေကတော့မောင့်အမြင်မှာ.. ပတ်ဝန်းကျင် အမြင်မှာ လူဆိုးမလေး တစ်ယောက်ပေါ့။

ဒါပေမဲ့ မောင်.. မေ..မေလေ.. မောင့်တစ်ယောက်ထဲ ကိုသာ ချစ်တာပါ။
***********************************************************************************************
အခုဆို မေ စောစောစီးစီး အိပ်ရာထတတ်နေပြီ မောင်။

ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်ရင်း မနက်ခင်းရဲ့အရသာကို ပြည့်ပြည့်၀၀ ခံစားတတ်နေပြီ။

အရင်ကဆို ရန်ကုန်မှာနေတုန်းက မောင်ပဲ မေ့ကို မနက်တိုင်း ဖုန်းဆက်နှိုးတာတောင် မေ အိပ်ရာက မထချင်ခဲ့ဘူးလေ။

"အိပ်ရာထတော့ မေ .. မောင်တို့ ကန်တော်ကြီးတစ်ပတ် လမ်းလျှောက်ရအောင်"

လို့ မောင်ပြောတိုင်း

"အာ ကျွတ်.. မောင်ကလဲ.. ဒီမှာအိပ်လို့ကောင်းနေတာကို.. မလိုက်ဘူးကွာ.. လမ်းလဲ မလျှောက်ချင်ဘူး"

ဆိုပြီး စောစောစီးစီးဖုန်းဆက်နှိုးတတ်တဲ့ မောင့်ကို ဒေါသတကြီး အော်ပြောတဲ့ မေ့အသံတွေက မောင့်နားထဲ မချိုမြိန်ခဲ့ဘူးဆိုတာ မေ သိပါတယ်။

မနက်ခင်း အိပ်ရာစောစောထပြီး လမ်းလျှောက်တာ ကျန်းမာရေးနဲ့ ညီညွှတ်ကြောင်း ကိုယ်ရောစိတ်ပါ လန်းဆန်းစေကြောင်း ကန်တော်ကြီးကနေ ရွှေတိဂုံဘုရားကို ဖူးမျှော်ရတာ ဘယ်လောက်တောင် စိတ်ကိုငြိမ်းချမ်းစေကြောင်း စတဲ့ မောင်ရဲ့ စကားသံတွေကလဲ ဟိုတုန်းက မေရဲ့ နားထဲမှာ ဆူညံတယ်လို့ထင်ခဲ့တာ။

"မေ မနက်စောစော လမ်းလျှောက်မယ်နော်"

"အစားကို ပုံမှန်စား နောက်ပြီး အချဉ်အစပ်တွေ မစားနဲ့ မေ ခဏခဏ ဗိုက်အောင့်တာ မောင် မကြိုက်ဘူး မောင့်ကိုချစ်ရင် မောင့်စကားကို နားထောင်နော်"

"မေ ရခိုင်မုန့်တီကို အဲလို ငရုတ်သီးတွေနဲ့ မသောက်ရဘူး"

"ဟာကွာ..မေရာ.. အဲဒါတွေ မစားပါနဲ့ဆိုတာကို..ပေး.. လွှင့်ပစ်မယ်"

"မေ ညဆို..ဘုရားရှိခိုးပြီးမှ အိပ်နော်.."

စတဲ့

မောင်ရဲ့ စကားတွေကို ရှုံမဲ့မဲ့မျက်နှာနဲ့နားထောင်ပြီး နှုတ်ခမ်းစူ ပုတ်ပွနေတဲ့မျက်နှာနဲ့ မေ့ကို မောင်က
"မေက ကလေးလဲ မဟုတ်ဘူး..မောင့်ထက် အသက် ၂နှစ်လဲ ကြီးတယ်..ဒါတောင် မေက
ကလေးဆန်နေတုန်းပဲ.. ဘာဖြစ်ဖြစ် မေ ကလေးဆန်တာ ချစ်ဖို့ကောင်းတယ်.. သိလား"

လို့ ပြောခဲ့တာတွေ မေ့ နားထဲ အခုထိ ကြားယောင်နေတုန်းပဲမောင်။
***********************************************************************************************
မေလေ.. မေနဲ့မောင့်ရဲ့ ခရီးလမ်းဟာ သိပ်ကိုသာယာမယ်.. ကြည်နူးမယ်လို့ ထင်ခဲ့တာ။

ဘ၀ဆိုတာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းမဖြစ်တာ အခုမှ မေ လက်ခံရတော့မယ် မောင်။

အဲ့ဒီနေ့က မေ သိပ်ကို အံ့သြတုန်လှုပ်ခဲ့တယ် သိလား...။

တစ်နေကုန် မေ့ စိတ်တွေ ဂယောက်ချောက်ချား ဖြစ်နေခဲ့တာ။

မောင် နဲ့ လမ်းခွဲဖို့ မေ ဘယ်တုန်းကမှ စိတ်မကူးပေမဲ့ အဲ့ဒီနေ့က မေ မောင့်ကို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ။
မောင် ကတော့ ထင်နေမှာပဲ။

မေဟာ ယုတ်ညံ့တဲ့၊ သစ္စာမရှိတဲ့ မိန်းမတစ်ယောက်ဆိုတာ။

အမှန်တော့ မောင့်ကို မေ က ထားရစ်ခဲ့တာ မဟုတ်ပါဘူး။

မေ က သာ နေရစ်ခဲ့ရသူပါ။

ဖြစ်ချင်တော့ အဲဒီ့နေ့က မိုးတွေ သည်းသည်းမဲမဲရွာနေတာ။

မောင့်ကို စောစောစီးစီး မေကပဲ ဖုန်းဆက်နှိုးလိုက်တာ။

"မောင်ရေထတော့.. မေ တို့လမ်းလျှောက်ရအောင်"

"ဟာ..မေ.. ဒါက မိုးတွင်းကြီးလေ.. ဘယ်လိုလမ်းလျှောက်မလဲ"

"အာ..မရဘူး.. မိုးကာအင်္ကျီဝတ် ထီးဆောင်းပြီး လမ်းလျှောက်မယ်.. ဒါပဲ.."

ဆိုပြီး ပြောချင်ရာပြောပြီး ဖုန်းကို ဂွပ်ခနဲ မြည်အောင်ချလိုက်တဲ့ မေ့ဟာ မောင့်အပေါ် နောက်ဆုံးအနေနဲ့ ဆိုးနွဲ့ခြင်းဆိုတာ မောင် ရိပ်မိမှာ မဟုတ်ဘူး။

ကန်တော်ကြီးက ခုံတန်းလျားလေးမှာ မေနဲ့ ညီညီ ထိုင်နေတာ ၁၅မိနစ်ကျော်မှ မောင် ရောက်လာတယ်။
မိုးကာ အပြာရောင်လေးနဲ့ မောင်ဟာ မေ့ မျက်စိထဲမှတော့ ချစ်ဖို့ကောင်းနေပါတယ်။

"မေ..ရောက်နေတာကြာပြီလား..ဆောရီးကွာ..မောင် နဲနဲနောက်ကျသွားတယ်..ဒါနဲ့ သူက ဘယ်သူလဲ.."

မေ့ ဘေးနားမှာထိုင်နေတဲ့ ညီညီ့ကို လက်ညိုးထိုးရင်း မေးလိုက်တဲ့မောင့်ကို

"သူက ညီညီတဲ့ မေ့ချစ်သူပေါ့"

"ဘာ."

မောင်ရဲ့အော်သံက မိုးရေတွေကြားထဲမှာ သိပ်မကျယ်လောင်ခဲ့ပါဘူး။

ညီညီကတော့ မတုန်မလှုပ်ထိုင်နေတယ်။

"မေ ပြောချင်တာ မေနဲ့မောင် ဒီနေ့က စပြီး လမ်းခွဲကြတာပေါ့။ မဟုတ်ဘူး။ လမ်းခွဲတာ မဟုတ်ဘူး။ မေက မောင့်ကို မချစ်တော့လို့ စွန့်ပစ်လိုက်တာ။"

မေရဲ့ စကားသံတွေကို မောင် က အေးအေးဆေးဆေးပဲ နားထောင်ခဲ့တယ်။

ဒါပေမဲ့ မောင့်မျက်ဝန်းတွေ သိပ်ပြီး ကြေကွဲနေတာ မေ သိတာပေါ့။

"ကောင်းပြီလေ.. ပေးဆပ်ခဲ့တဲ့အချစ်တွေအတွက် ရလဒ်ကို မောင် လက်ခံလိုက်ပါ့မယ်"

လို့ပြောပြီး မေ့ကို ကျောခိုင်းလှည့်ထွက်သွားတဲ့မောင့်ကိုကြည့်ရင်း မိုးရေတွေနဲ့ အတူ မေ့မျက်ဝန်းမှာ မျက်ရည်တွေပါ ကျနေတယ်ဆိုတာ မောင်မသိနိုင်တော့ဘူးပေါ့။

ညီညီက ကျွန်မပခုံးကိုကိုင်ပြီး

"နင် ကို ငါ နားလည်ပါတယ် သူငယ်ချင်းရာ. ပြန်ကြရအောင်နော်"

ဆိုပြီးပြောတဲ့စကားကို မေ့နားထဲ မကြားတစ်ချက် ကြားတစ်ချက်။

မောင်ထင်နေမှာပါ။

မေ ဟာ မောင့်ကို ရက်ရက်စက်စက် ထားခဲ့တဲ့ သူပေါ့ မောင်။
***********************************************************************************************
"အန်တီသဘောကတော့ အန်တီ့သားနဲ့ မင်းကို ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ပါဘူး.."

"ဘာဖြစ်လို့လဲ အန်တီ"

"မင်းရဲ့ စရိုက်ကို မကြိုက်လို့ပေါ့.. သားအပေါ် အနိုင်ယူနေတာတွေ အန်တီမကြိုက်ဘူး...အန်တီတို့အတွက် ငွေကြေး ဂုဏ်ပကာသန ဘာမှ မလိုဘူး.. တစ်ခုပဲ.. လိမ်မာယဉ်ကျေးတဲ့ မိန်းမပီသတဲ့ မိန်းကလေးမျိုးကိုပဲ အန်တီချွေးမ တော်ချင်တယ်.."

ဒေါ်မြမြဦး။ အထက်တန်းပြ ဆရာမကြီး။ ရုပ်ရှင်မင်းသမီး အကယ်ဒမီ စိုးမြတ်သူဇာလို ထောင်ထောင်မောင်းမောင်း ကျက်သရေအမတန်ရှိတဲ့ အမျိုးသမီး။

မေ့ရဲ့ ချစ်လှစွာသော မောင့် ရဲ့ မေမေ။

မေနဲ့ ၂ယောက်ထဲ တွေ့ပြီးအေးဆေးစကားပြောရအောင် ကမ်းလှမ်းလာတာကြောင့် မောင့်ကို မပြောပဲ မောင့်မေမေနဲ့ ကော်ဖီဆိုင်မှာ တွေ့ခဲ့ကြတယ်။

မေ့နဲ့မောင်ဟာ အဆင့်အတန်းသိပ်မကွာပါဘူး။

မေတို့ထက် မောင်ဟာ နဲနဲပိုချမ်းသာတယ်။

နောက်တစ်ခုက မေ့ မေမေက သာမန်မိန်းမတစ်ယောက်။ ရပ်ကွက်ထဲမှာ စတိုးဆိုင် သေးသေးလေးဖွင့်ထားတဲ့သူ။

မောင့်မေမေကတော့ အထက်တန်းပြ ကျောင်းဆရာမ။ မောင့်ဖေဖေသည်လည်း အထက်တန်းပြ ကျောင်းဆရာ။

နောက်ပြီး မျိုးရိုးစဉ်ဆက်အလိုက် ချမ်းသာသူ။

မေတို့ကတော့ ဘွဲ့တွေ ဂုဏ်ထူးတွေမရှိတဲ့ သာမန် ငွေကြေးပြည့်စုံသူ။

မေ တို့အသိုင်းအ၀ိုင်းမှာ မေ တစ်ယောက်သာ ဘွဲ့ရပညာတတ်သူ။

ဟော မောင့်မေမေ ပြောတာက မိန်းမ မပီသလို့ သဘောမတူနိုင်တာတဲ့။ မောင့်မေမေရဲ့ စကားကို နားထောင်ရင်း မေ့ရဲ့ ထုံးစံအတိုင်း ဂျစ်ကန်ကန် စရိုက်က ပေါ်ထွက်လာတယ်။

"ဒါဆိုလဲ အန်တီ့သားကို အန်တီနိုင်အောင် ထိန်းပေါ့.. မေ့ဘက် မပါအောင် မထိန်းနိုင်ရင်တော့ အန်တီ့ချွေးမ မတော်ချင်လဲ မရဘူးဆိုတာ အန်တီ မှတ်ထားပါ။"

လူကြီးတစ်ယောက်ကိုပမာမခန့်ပြောလိုက်မိတဲ့ စကား။

မေ ရဲ့ အဲဒီ့စကားလုံးကြောင့် မောင့် မေမေဟာ မေ့ကို ဒေါသဖြစ်ပြီး မူးလဲသွားခဲ့ရတယ်။

မေ ကိုယ်တိုင် ဆေးခန်းလိုက်ပို့ခဲ့ပြီး ဆရာဝန်ပြောတဲ့စကားကို ကြားခဲ့ရတာ။

မောင့်မေမေမှာ နှလုံးရောဂါရှိတယ် ဆိုတာ။

ရုပ်ရှင်တွေ ဗီဒီယိုတွေ ထဲကလို မိဘမှာ နှလုံးရောဂါရှိလို့ ချစ်သူနှစ်ဦးဝေးကြတယ် ဆိုတဲ့ အဖြစ်မျိုး မေ အဖြစ်မခံနိုင်တာ။

ဒါပေမဲ့...

ဒါပေမဲ့...မောင်.. ကံကြမ္မာက မေ့ကို မျက်နှာသာ မပေးခဲ့ဘူး။
***********************************************************************************************
မောင့်မေမေကို ဆေးခန်းမှာထားခဲ့ပြီး ပြန်အထွက် မေ့ ဗိုက်တွေ မတရား ထိုးအောင့်လာခဲ့တယ်။

မခံနိုင်အောင် အောင့်တဲ့အတွက် မေ ဆေးခန်းမှာ ဆရာဝန်နဲ့ ပြခဲ့တယ်။

အရင်ကတည်းက ဗိုက်အောင့်အောင့်တတ်တာကို ဒိုင်ဂျင်းလေးစားလိုက် လေနာပျောက်ဆေးလေးသောက်လိုက်နဲ့ သက်သာသလို နေခဲ့တာ။
ဆေးခန်းမပြခဲ့တာ။

အခုတော့ ဆေးခန်းမှာလဲ အဆင်သင့်ရောက်နေတော့ ဆရာဝန်နဲ့ သေချာစစ်ဆေးလိုက်တဲ့အခါ
***********************************************************************************************
မေ ဟာ သေရမဲ့နေ့ကို လက်ချိုးရေပြီး စောင့်နေတဲ့သူပါ မောင်။

မေ့မှာ အစာအိမ်ကင်ဆာ ဖြစ်နေပြီလေ။

မေ နဲ့ မောင် လမ်းခွဲခဲ့တာ မောင့် မေမေကတော့ ပျော်နေမှာပါ။

မောင်ကရော.. မောင်ကရော.. ပျော်နေမှာလားဟင်

မေ မမေးချင်ဘူး။

မေ မှာ့ရောဂါရှိနေတာ မောင့်ကို မသိစေချင်ဘူး။

မောင် သာ သိရင် မေ့ကို ဘာရောဂါပဲဖြစ်ဖြစ် လက်ထပ်မယ်ဆိုတာ သိနေပေမဲ့ မောင်နဲ့ခဏတာ ပေါင်းပြီး မုဆိုးဖိုအဖြစ် ကျန်ခဲ့မဲ့မောင့်မျက်နှာကို မေ မမြင်ချင်ဘူး။

မောင့်စိတ်ထဲ မေ့ကိုနာကျည်းပြီး မောင့်အပေါ် ချစ်မဲ့ အခြားမိန်းကလေးတစ်ယောက်နဲ့ မောင် ပျော်နေတာကိုပဲ မေ မြင်ချင်ပါတယ်။

မေ ကတော့ ရန်ကုန်နဲ့ဝေးတဲ့ ပြင်ဦးလွင်ဆိုတဲ့ မြို့ကလေးမှာ သေမင်းလာခေါ်မဲ့နေ့ကို စောင့်နေတယ်မောင်။

မေ မကြောက်ပါဘူး။

နှလုံးသားထဲမှာတော့ မောင့်ကို ချစ်တဲ့ အချစ်တွေ အပြည့်နဲ့ပေါ့။