တရားခံဥယျာဉ်မှူး

on Monday 18 February 2013


“မင်္ဂလာပါ ဆရာမ”

“မင်္ဂလာပါ တပည့်တို့ရယ်”

ကျက်သရေ မင်္ဂလာရှိလှသော ဆရာမနဲ့တပည့်များ၏ နှုတ်ဆက်သံသည် ကျောင်းဝန်းထဲက စာသင်ခန်းအတွင်း ညီညီညာညာထွက်ပေါ်လာတယ်။

ကြည့်စမ်းပါဦး။ ချစ်ဖို့ကောင်းလိုက်တဲ့ကလေးတွေ။ ဒါ ကျွန်မနဲ့ ကျွန်မရဲ့ ချစ်တပည့်လေးတွေလေ။

ကျွန်မ ဒီအလုပ်ကို အမတန် ၀ါသနာပါတာ။ ဥယျာဉ်မှူးတစ်ယောက်၏ဘ၀၊ အိုးသည်လို ပုံစံကျန ခိုင်ခံစေဖို့ သေချာ စေတနာကောင်းဖြင့် ပုတ်ရိုက်ပုံသွင်းပေးရတဲ့ဘ၀၊ မိခင်တစ်ယောက်ကဲ့သို့ ပညာနို့ရည်ကို တိုက်ကျွေးပေးရတဲ့ ဘ၀။

ဒီဘ၀ကို ကျွန်မ လိုချင် တပ်မက်လွန်းလို့ ကြိုးစားခဲ့ရတာ။ ငယ်ငယ်လေးကတည်းက ကြီးလာရင် ဆရာမ လုပ်မယ်ဆိုတဲ့ စိတ်ကူးကို အခိုင်အမာတည်ဆောက်ခဲ့တာ။ အခုတော့ ကျွန်မဆန္ဒဖြစ်မြောက်လာပြီ။ နယ်မြို့လေးတစ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ ပဉ္စမတန်းပြ ဆရာမတစ်ဦးအဖြစ် ကျွန်မ စာသင်ပြခြင်းဖြစ်ပါတယ်။

ကျွန်မ တပည့်လေးတွေကို ကျွန်မ အရမ်းချစ်တယ်။ သူတို့ကို ပညာရေးသာမက စိတ်ဓာတ်၊ လူမှုရေး၊ တစ်ကိုယ်တော်သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး အပြင် ပြင်ပက အထွေထွေ ဗဟုသုတ တွေပါ ကျွန်မ သင်ပေးတယ်။

တပည့်လေးတွေကလဲ ကျွန်မအပေါ် ချစ်ကြပါတယ်။ ကျွန်မ စကားကိုနားထောင်ကြတယ်။ 
သူတို့လေးတွေရဲ့ စေတနာနဲ့ တက်နိုင်သမျှ ပိုက်ဆံလေးတွေစုပြီး မည်သူမှ မတိုက်တွန်းရပဲ သီတင်းကျွတ်ညမှာ ကျွန်မကို အအေးနဲ့မုန့်တွေ နဲ့ လာကန်တော့တုန်းက ကျွန်မလေ အရမ်းကြည်နူးမိတာ။ သူတို့လေးတွေကို တစ်ယောက်ဘယ်လောက်ဆိုပြီး ညီတူညီမျှ မုန့်ဖိုးပြန်ပေးတာ ကျွန်မရဲ့ တစ်လစာ လခ ကုန်ပါလေရော။ ဒါပေမဲ့ ကျွန်မ ရလိုက်တဲ့ကြည်နူးမှုက ကျွန်မ ဘယ်အရာနဲ့မှ လဲလို့မရဘူးလေ။
သူတို့လေးတွေအပေါ် ကျွန်မ စေတနာထားမိတယ်။ အဲ့ဒီ့ ကျွန်မစေတနာက ကျွန်မအပေါ် တန်ပြန်အကျိုးပေးရမယ်လို့ ကျွန်မ မမျှော်လင့်ဘူး။ ကျွန်မလေ … ကျွန်မ တပည့်လေးတွေဆီက ဘာဆို ဘာမှ မမျှော်လင့်ခဲ့တာ။ ဒါကို သူတို့လေးတွေ နားလည်ပါတယ်။ သိကြပါတယ်။ တချို့တလေကလွဲရင်ပေါ့လေ။ ဒါပေမဲ့ အဲ့လို တချို့တလေကပဲ ကျွန်မ နှလုံးသားကို ဓားနဲ့ ခပ်ဆွဆွ အမြဲထိုးတက်ကြတယ်။

ထိုးမဲ့ထိုးတော့လဲ နာကျင်အောင်ဓားနဲ့ဆွခဲ့တဲ့အတွက် ကျွန်မ နှလုံးသားက ခံနိုင်ရည်မရှိခဲ့ပါဘူး။ ကျွန်မ မမျှော်လင့်ထားတဲ့ပြသနာက ကျွန်မကို ရန်ရှာခဲ့လိုက်တာ ကျွန်မ ဘ၀အတွက် တစ်သက်စာအမှတ်ရစရာပေါ့။

*****************************************************************************************************************************************

“ဆရာ၊ ဆရာမတွေက ကျောင်းသူကျောင်းသားတွေအပေါ် ဘက်မလိုက်ပဲ ညီတူညီမျှ ဆက်ဆံရမယ်ဆိုတာ ဆရာမ အနေနဲ့ သိသင့်ပါတယ်…”

ကျွန်မ ဘယ်လိုပြန်ပြီးရှင်းပြရမလဲ။ ကျောင်းအုပ်ဆရာကြီးက ကျွန်မအပေါ် ကောင်းကောင်းမွန်မွန်နဲ့ ပြောပေမဲ့ ကျွန်မရင်ထဲမှာ လေးလံနေတယ်။ အမှန်က ကျွန်မ မှားတယ်ဆိုတာ ဟုတ်ချင်လဲဟုတ်မယ်။ ဒါပေမဲ့ ကျွန်မ မှားတာက စေတနာအမှားပဲ ဖြစ်မှာပါ။

“ကလေးတွေကို မရိုက်ရဘူးလို့ စည်းကမ်းထုတ်ထားရင် မရိုက်ပါနဲ့ ဆရာမ… ဒီအဖြစ်အပျက်မှာ ဆရာမ မှားတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်… ဆရာမက ကရုဏာ ဒေါသောနဲ့ ရိုက်တာဖြစ်ပေမဲ့ တချို့မိဘတွေက သူတို့သားသမီးကို လူဆိုးလူမိုက်ဖြစ်အောင် သူတို့ကိုယ်တိုင်လမ်းပြနေကြတော့ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲဆရာမရယ်…”

ကျွန်မ ရင်ထဲက ဝေဒနာအတိမ်အနက်ကို ခန့်မှန်းမိပေါ်ပုံသည့် ကျောင်းအုပ်ဆရာကြီးက ကျွန်မကို ဒီလောက်ပဲပြောကာ ကျွန်မကိုသူ့ရုံးခန်းထဲမှ ပြန်လွှတ်လိုက်ပါတယ်။

စေတနာသည် လူတိုင်းနဲ့ မထိုက်တန်ဆိုတဲ့စကားက ကျွန်မအတွက် မှန်နေမလား။

*****************************************************************************************************************************************

ပြောရရင် ကျွန်မအခုစာသင်တဲ့ အထက်တန်းကျောင်းတည်ရှိရာ နယ်မြို့လေးမှာ နေထိုင်တဲ့သူ တော်တော်များများပြည့်စုံကြပါတယ်။ ကျွန်မအတန်းထဲက ကလေးတွေလဲ ၃ပုံ ၁ပုံလောက်ပြည့်စုံကြတဲ့ ကလေးတွေပါပဲ။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ သူတို့ကလေးတွေပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ကျွန်မအားလုံးကို တန်းတူဆက်ဆံပါတယ်။ ကျွန်မ ဆီမှာ ကျူရှင်မသင်နိုင်တဲ့ကလေးတွေကိုလဲ စနေ တနင်္ဂနွေပိတ်ရက်မှာ ပညာဒါန အနေနဲ့ ကျွန်မ အခမဲ့ ကျူရှင်သင်ပေးပါတယ်။

အခုဖြစ်တဲ့ ပြသနာက ငယ်ငယ်ဆိုတဲ့ ကလေးမလေး ကို ကျွန်မ ရိုက်မိတဲ့ ပြသနာ။ ကျွန်မ ကလေးတွေကို ရိုက်ခဲပါတယ်။ စာမေးလို့ မရရင်တောင် လက်မြှောက်ခိုင်းတာဖြစ်ဖြစ် ၊ ထိုင်ထ လုပ်ခိုင်းတာပဲဖြစ်ဖြစ် အပြစ်ဒဏ်တစ်ခုခုကို ပေးတာက လွဲရင် ကျွန်မ ကလေးတွေကို မရိုက်ရက်ခဲ့ဘူး။ ကလေးတွေကို နားဝင်အောင် နားလည်အောင် ကျွန်မကောင်းကောင်းမွန်မွန်ဆုံးမတယ်။

ငယ်ငယ်က ကျွန်မအတန်းထဲက တပည့်တွေထဲမှာ အဆင်းရဲဆုံး။ အဖေက ဆိုက်ကားသမား အမေက ပဲပြုတ်သည်၊ သားသမီးက ၃ယောက် အကြီးဆုံးသမီးငယ်ငယ်က ကျွန်မရဲ့ ကျောင်းသူတပည့်။ ဆင်းရဲပေမဲ့ ငယ်ငယ်က စာတော်တယ်။ အတန်းထဲမှာ ပထမ သို့မဟုတ် ဒုတိယ နေရာလိုက်တယ်။ သူ့ရဲ့ပြိုင်ဘက်က န၀မတန်းကဆရာမတစ်ယောက်ရဲ့ သမီး ရွှေရည်။ ရွှေရည်တို့က ချမ်းသာတော့ ကျွန်မဆီမှာ ကျူရှင်တက်တယ်။ ငယ်ငယ်ကိုတော့ ကျွန်မ က ပညာဒါနအဖြစ် အလကားသင်ပေးတယ်။ ဒါပေမဲ့ ကျွန်မက တပည့်နှစ်ယောက်စလုံးအပေါ် တန်းတူပဲဆက်ဆံတယ်။ ပညာသင်ပေးတော့လဲ အတူတူပဲသင်ပေးတယ်။ ရွှေရည်ကို ချမ်းသာလို့ဆိုပြီး ပိုပြီးမသင်ပေးဘူး။ ကျွန်မရင်ထဲက မေတ္တာတရားကို ဘယ်သူမှ မသိရင်နေ ကျွန်မ ကိုယ်စောင့်နတ် သိတယ်။ ကျွန်မသစ္စာဆိုရဲတယ်။ ငယ်ငယ့်ကို ဆင်းရဲလို့ဆိုပြီး နှိမ်ပြီးဆက်ဆံတာ တစ်ခါမှ မရှိခဲ့ဘူး။ ဒါကို ဘာကြောင့် လူတွေနားမလည်ပေးရတာလဲ။

အမှန်တိုင်းဝန်ခံရရင်တောင်ငယ့်ငယ့်ကို ကျွန်မက ပိုပြီးစေတနာထားမိပါတယ်။ ငယ်ငယ်ရဲ့ မိဘတွေ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ငယ်ငယ်လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းမှန်သမျှ ကျွန်မ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ငယ့်ငယ်ကျောပိုးအိတ်လေး ပြဲနေတုန်းက ကျွန်မ လစာလေးဖြင့် ကျောပိုးအိတ်အသစ်ဝယ်ပေးခဲ့တာတွေ၊ တစ်ခါတစ်လေ အိမ်က ထမင်းမကျက်သေးလို့ ထမင်းမစားရသေးဘဲ ကျောင်းလာမှန်းသိတဲ့အခါ ကျွန်မ ထမင်းဘူးကနေ ငယ့်ငယ့်ကို မျှဝေ ကျွေးခဲ့တာတွေက အစ၊ ညဘက် မီးမလာလို့ စာကျက်ဖို့ ဖယောင်းတိုင်မရှိမှာစိုးလို့ ဖယောင်းတိုင်အစ ခြင်ဆေးခွေပါ မကျန် ငယ့်ငယ့်အတွက် ကျွန်မ လုပ်ပေးမိတယ်။ ကျွန်မ စိတ်ထဲမှာ စာတော်တဲ့စာကြိုးစားတဲ့ကလေးတစ်ယောက် မပြည့်မစုံမှုကြောင့် ကြိုးစားချင်စိတ်တွေ လျော့သွားမှာကို မလိုလားခဲ့ပါဘူး။

လုပ်ဖော်ကိုင်ဖက် ဆရာမအချင်းချင်းတောင် ကျွန်မကို ပြောယူရတဲ့အထိ ကျွန်မ ငယ့်ငယ့်ကို ကောင်းခဲ့ပါတယ်။ ချမ်းသာတာလဲလူ၊ ဆင်းရဲတာလဲလူပါပဲ။ ဆင်းရဲပေမဲ့ စာကြိုးစားတဲ့ကလေးမို့ ငယ်ငယ့်ကို ကျွန်မ မြေတောင်မြှောက်ပေးချင်ခဲ့မိတာ။

ကျွန်မ စေတနာတွေကို ဘယ်သူ အသိမှတ်ပြုပြု မပြုပြု ကျွန်မ အပြုံးမပျက်ဘူး။ ငယ်ငယ့်မိဘတွေ သိသိ မသိသိ ကျွန်မ ဂရုမစိုက်ဘူး။

မပြေလည်တဲ့စီးပွားရေးကို နင်းကန်ကြိုးစားလုပ်ဆောင်ရင်းသားသမီးရဲ့ပညာရေးကို မေ့နေတဲ့ ငယ့်ငယ့်မိဘတွေရဲ့တာဝန်ကို ဒီလို ကျွန်မက ပခုံးတစ်ဖက်ဝင်လျှိုခဲ့မိတဲ့စေတနာသည် မှားခဲ့မယ်လို့ ကျွန်မ မထင်ခဲ့မိတာ။

*****************************************************************************************************************************************

“ကဲ.. ကိုယ့်အပြစ် ကိုယ်သိတယ်နော်...."

ငြိမ်သက်နေသောအခန်းထဲတွင် ဒေါသမထွက်စဖူးထွက်နေတဲ့ ကျွန်မရဲ့အော်ဟစ်တဲ့အသံကြောင့် ကျောင်းသူကျောင်းသားများ စိုးရိမ်ထိတ်လန့်စွာ ကျွန်မမျက်နှာကိုမော့ကြည့်နေကြပါတယ်။

ရွှေရည့်ကို သူ့အမေ၀ယ်ပေးတဲ့ ရွှေရောင်လက်ပတ်နာရီလေးပျောက်တဲ့အမှုကြောင့် ကျွန်မ အတန်းထဲက ကလေးတွေ အကျင့်စာရိတ္တမကောင်းဘူးဆိုတဲ့ နာမည်ပျက်ကို ကျွန်မ မလိုချင်တာ။ အထူးသဖြင့် ရွှေရည်အမေကိုယ်တိုင်က ဆရာမဖြစ်နေသောကြောင့် ဆရာမ အချင်းချင်း ကိုယ့်အတန်းထဲက ကလေးကို ကိုယ်မဆုံးမနိုင်ဘူးလားဆိုတဲ့စကား ထွက်ပေါ်လာပါက ကျွန်မ ကိုယ့်ကိုကိုယ်ယူကြုံးမရ ဖြစ်နေမှာ။

နောက်ပြီး တရားခံက ကျွန်မတပည့်လေး ငယ်ငယ်။ ငယ်ငယ်မို့လို့ ကျွန်မ ပိုပြီး ယူကြုံးမရဖြစ်ကာ ဒေါသထွက်မိပါတယ်။

ကြည့်စမ်း။ ကျွန်မကတော့ လိမ်မာတဲ့ကလေး စာတော်တဲ့ကလေး စာရိတ္တကောင်းတဲ့ကလေးဆိုပြီး ငယ်ငယ့်အပေါ် သနားချစ် နဲ့ ချစ်လိုက်ရတာ။ ငယ်ငယ့်အတွက် လုပ်ပေးလိုက်ရတာ။ ဒါတွေကို ဒီလိုပုံစံမျိုးနဲ့ ငယ်ငယ်တစ်ယောက်ကျေးဇူးပြန်ဆပ်တာလား ဆိုပြီး ကျွန်မ တော်တော်ဒေါသဖြစ်မိပါတယ်။

ကဲ… အခုတော့ တရားခံလဲသိပြီ။ ကလေးတွေအကုန်လုံးကို အပြင်ထွက် တန်းစီမတ်တပ်ရပ်ခိုင်းပြီး သူတို့ရဲ့ လွယ်အိတ်တွေကို ရှာလိုက်တဲ့အခါ ငယ့်ငယ့်လွယ်အိတ်ထဲကနေ ရွှေရည့် လက်ပတ်နာရီလေးထွက်လာခြင်းဖြစ်ပါတယ်။

ငယ်ငယ့်ကိုမေးတဲ့ အခါ ငယ်ငယ်ကလဲ သူ ခိုးမိပါတယ် ဟု ၀န်ခံပါတယ်။ ဒါပေမဲ့ ငယ်ငယ်မျက်ရည်တွေကျပြီး ကျွန်မကို တောင်းပန်သလိုကြည့်ပါတယ်။ ဒါကြောင့် ငယ့်ငယ့်ရဲ့ အသနားခံနေတဲ့ မျက်နှာကို ကြည့်ရင်း တစ်ခုခုကို ကျွန်မသဘောပေါက်မိကာ ကျွန်မ ငယ့်ငယ့်ကို မရိုက်ချင်ခဲ့ပေမဲ့ နောက်တစ်ခါ အခုလိုမျိုးမဖြစ်အောင် ကျန်တဲ့သူတွေ သင်ခန်းစာယူလို့ရအောင် ငယ်ငယ့်ခြေသလုံးကို ကြိမ်လုံးနဲ့ ၅ချက် ရိုက်လိုက်မိပါတယ်။

ကျွန်မ ရိုက်တာကို အံကြိတ်ခံနေတဲ့ငယ်ငယ်ဟာ အဲဒီ့နေ့ ကျောင်းလွှတ်ချိန်မှာတော့ ကျွန်မတို့ရဲ့ ဆရာ ဆရာမတွေ နားနေခန်းကို လာရောက်ပြီး ကျွန်မကိုတောင်းပန်ခဲ့ပါတယ်။

“သမီး မှားပါတယ် ဆရာမရယ်.. သမီးကို အထင်မသေးပါနဲ့.. ရွှေရည်က သူ့မေမေက သူပထမဆုရတုန်းက ဆုချတဲ့လက်ဆောင်ဆိုပြီး သမီးကိုလာကြွားပါတယ်…နောက်ပြီး နင်ပထမဆုရတုန်းက နင့်မိဘတွေ နင့်ကို ဘာဆုမှ မပေးဘူးမဟုတ်လားဆိုပြီးလဲ…မခံနိုင်အောင်ပြောလို့.. သူစိတ်ဆင်းရဲပါစေဆိုတဲ့စိတ်နဲ့…သူ့နာရီလေးကို ခိုးလိုက်မိတာပါ…သမီးစိတ်ထဲ နာရီလိုချင်စိတ်ထက်..သူ့စကားတွေကို မခံချင်လို့..တမင်လုပ်တာပါ ဆရာမရယ်… သမီး သူခိုးမဟုတ်ပါဘူး……..”

ငယ်ငယ့်ရဲ့စကားတွေကိုနားထောင်ရင်း ကျွန်မလဲ မျက်ရည်ကျမိပါတယ်။

“သမီးငယ်ငယ်..သမီးကို ဆရာမ လိုအပ်တာဖြည့်ဆည်းပေးတာပဲမဟုတ်လား.. အဲဒါ သမီးစာတော်လို့..သမီးလိမ္မာလို့.. အခုလိုအပြုအမူကိုသမီးပြုလုပ်လိုက်တာကတော့ အရမ်းရုပ်ဆိုးတယ်..ဆရာမ စေတနာကို သမီး စော်ကားလိုက်တာ… နောက်ဆို ဘယ်သူကပဲ မခံချင်အောင်ပြောပြော သမီး ဆရာမကို လာပြော..အခုလို သမီးကျူးလွန်တဲ့အပြစ်က ပထမဆုံးနဲ့နောက်ဆုံးဖြစ်ပါစေနော်…”

“ဟုတ်ကဲ့ပါဆရာမ…”

ငယ်ငယ့်ကို ကျွန်မ အပြစ်မမြင်ပါဘူး။ ဖြစ်တတ်ပါတယ်လို့ပဲ သဘောထားလိုက်ပါတယ်။ ငယ်ငယ်ကိုယ်တိုင်ကလဲ သူ့အမှားသူသိလို့ ၀န်ခံတောင်းပန်ခဲ့ပြီးပြီလေ။ အဲ့နေ့ညနေက ငယ့်ငယ့်ကို ရိုက်မိတဲ့အတွက် ကျွန်မ စိတ်မကောင်းဖြစ်ရတယ်။ ငယ့်ငယ့်အပေါ်လဲ သနားစိတ်ဝင်မိတယ်။ ဒါကြောင့် ငယ့်ငယ့်ကို ကျွန်မ မုန့်ဖိုးပေးပြီး အိမ်ပြန်လွှတ်လိုက်တယ်။

*****************************************************************************************************************************************

ဒီပြသနာက ပြီးပြီထင်ပေမဲ့  နောက်တစ်နေ့မှာ ငယ်ငယ်ကျောင်းလာမတက်ခဲ့ပါဘူး။

ကျွန်မကတော့ ရိုးရိုးသားသား နေမကောင်းဖြစ်တယ်ထင်ပြီး ညနေ့ကျောင်းဆင်းချိန်မှာ ငယ့်ငယ့်တို့အိမ် လိုက်သွားခဲ့ပေမဲ့ တစ်အိမ်လုံးဘယ်သူ့မှ မရှိပဲ အိမ်တံခါးကြီးသော့ခတ်ထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ နောက်နေ့မနက်ကျောင်းရောက်တယ်ဆိုတာနဲ့ ကျောင်းအုပ်ကြီးရုံးခန်းကိုတိုင်စာရောက်တယ်ဆိုလို့ ကျွန်မ ကျောင်းအုပ်ဆရာကြီးကို သွားတွေ့ခဲ့ရတယ်။

ငယ်ငယ့်အမေက သူ့သမီးကို ရိုက်လို့၊ ချမ်းသာတဲ့ကလေးဘက်က လိုက်ပြီး သူ့သမီးကျတော့ မညှာမတာ ရိုက်ပုတ် နှိပ်စက်ပါတယ် ဆိုပြီး တိုင်စာတစ်စောင်ရောက်လာသောကြောင့်ပင်။

ဘုရားရေ။ ကျွန်မ ရိုက်လိုက်တာ ငယ့်ငယ့်ခြေသလုံးကို ၅ချက်ပါ။ မတရားနှိပ်စက်တာလဲ မဟုတ်ရပါဘူး။ ငယ်ငယ့်အပြစ်လုပ်လို့ အပြစ်ပေးတာပါ။ ဒါ ဆရာမ တစ်ယောက်အနေနဲ့လုပ်သင့်တယ် ထင်လို့ ကျွန်မ အပြစ်ပေးမိတာ ကျွန်မ အမှားလား။
အခုတော့ ငယ်ငယ့်အမေက ကျွန်မရဲ့ရိုက်နှက်ဆုံးမမှုတွေကြောင့် သူ့သမီးကိုကျောင်းထုတ်ပြီးအပြင်မှာပဲ ဈေးရောင်းခိုင်းတော့မယ်တဲ့။

ဟင့်အင်း။ ဒါမဖြစ်သင့်ဘူး။ ကျွန်မ ရိုက်လိုက်တာ ကလေးကို ဆုံးမတာ။ အမြင်ကတ်လို့လုပ်တာမှမဟုတ်တာ။ နောက်ပြီး ကျွန်မ ရဲ့ ရိုက်နှက်မှုကြောင့် ကလေးကျောင်းထွက်ရမယ်ဆိုတာ မဖြစ်သင့်ဘူး။

ဒါကြောင့် ကျွန်မရဲ့ ဆရာမ သိက္ခာကို အကျခံပြီး ငယ်ငယ့်မိဘတွေအိမ်ကို ကျွန်မ မှားပါတယ်၊ ကလေးကို ရိုက်မိတာ ကျွန်မ အမှားပါ ဆိုပြီး တောင်းပန်ဖို့ ကျွန်မ လိုက်သွားခဲ့တယ်။

ငယ်ငယ်တို့အိမ်ရောက်တော့ ငယ်ငယ့်အမေရဲ့ အော်ဟစ်ပြောဆိုမှုတွေကို ကျွန်မ သည်းခံပြီး ငယ့်ငယ့်ကိုကျောင်းမထုတ်ဖို့ အမျိုးမျိုးတောင်းပန်ပါတယ်။ စာတော်တဲ့ငယ်ငယ့်ရဲ့ ပညာရေးကို ကျွန်မ အဆုံးရှုံးမခံနိုင်ပါ။ ဒါပေမဲ့ ငယ်ငယ်အမေက ကျွန်မ ကို အော်ဟစ်ကာ အိမ်အပြင်ကို အတင်းဆွဲထုတ်ခဲ့ပါတယ်။

အိမ်အပြင်ဘက်မှာ တစ်နာရီလောက်ကြာတဲ့အထိ မလှုပ်မရှားမတ်တပ်ရပ်နေတဲ့ ကျွန်မကို သနားလို့ထင်ပါရဲ့။ ငယ်ငယ့်အဖေက ကျွန်မအနားလာပြီး-

“ပြန်ပါတော့ ဆရာမရယ်… ဒါ ဆရာမ အပြစ်မဟုတ်ပါဘူး… ကျွန်တော့်မိန်းမက အစကတည်းက ငယ်ငယ့်ကိုကျောင်းထုတ်ချင်တာပါ… အကြောင်းပြချက် ပေးစရာမရှိလို့သာ..ငယ်ငယ့်ကိုကျောင်းထုတ်ပြီး မြို့က အဒေါ်အိမ်ဆီမှာ ၀ိုင်းလုပ်ဝိုင်းစားသဘောမျိုးနဲ့သွားထားမယ်.ကျွန်တော်တို့လဲ ငယ်ငယ့်ဆီက အထောက်အပံ့နည်းနည်းရလဲ နည်းလား ဆရာမရယ်…ငယ့်ငယ့်အောက်က လူမမယ်ကလေး၂ယောက်က ချူချာတယ်လေ.. အခုတော့ ဆရာမကြောင့် သူ အကြောင်းပြချက်ရပြီး ငယ့်ငယ့်ကို ကျောင်းထုတ်လိုက်တာပါ…မနေ့ကပဲ ကျွန်တော်တို့ ငယ်ငယ့်ကိုမြို့လိုက်ပို့လိုက်ပါပြီ… ငယ်ငယ်ကဆို တငိုငို တရယ်ရယ်နဲ့ ကျောင်းတက်ချင်လို့ ဖြစ်နေတာ… အဖြစ်အပျက်အားလုံးကိုလဲ ကျွန်တော်သိပြီးပါပြီ.. ဆရာမကိုလဲအပြစ်မမြင်ပါဘူး… ဆရာမ.. ပြန်ပါတော့နော်…”

ငယ်ငယ့်အဖေပြောတဲ့စကားတွေက အဓိပ္ပါယ်မရှိဘူးလို့ ကျွန်မ ရင်ထဲကနေ ပြောနေပေမဲ့ ကျွန်မ ဘာများ တတ်နိုင်ဦးမလဲ။

ကျွန်မက ဥယျာဉ်မှူး တစ်ယောက်ဖြစ်ချင်ခဲ့တာ။ ဒီပန်းလေးကို ကျွန်မ ပြုစုပျိုးထောင်ခဲ့တာ။ ဒီပန်းလေးအတွက် ကျွန်မ စေတနာထားခဲ့တာ။ အခုတော့ အဲ့ဒီ့ပန်းလေးကိုပြုစုတဲ့ ဥယျာဉ်မှူး ကျွန်မက ပန်းလေးတစ်ပွင့်ကိုတောင် မကယ်တင်နိုင်တော့ဘူးတဲ့လား။ ကျွန်မက တရားခံဥယျာဉ်မှူး တစ်ယောက်လား။ အားလုံးက ကျွန်မရဲ့အပြစ်တွေလား။။။

0 comments:

Post a Comment