ထိုညက ယခုလိုမျိုး
အိုက်စပ်စပ်နွေည တစ်ည မဟုတ်ခဲ့။ မိုးသံလေသံတွေနဲ့ စောင်ခေါင်းမြှီြးံခုံ အိပ်လို့ကောင်းခဲ့သည့်
ညတစ်ည။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
အဲ့ဒီညက ညသန်းခေါင်၁၂နာရီထိုးသည့်အထိ
ကျွန်မ စာဖတ်လို့ကောင်းဆဲ။ ဖတ်နေသည့်စာကလဲ တစ္ဆေပေးသောလက်ဆောင် စာအုပ်။ တစ်နည်းပြောရလျှင်
ဘာသာပြန်ဝတ္ထုတစ်အုပ်ဖြစ်သည်။ မိုးစက်တွေ အိမ်ခေါင်မိုးသွပ်ပြားအပေါ်ကျနေသည့် အသံကို
နားထောင်ရင်း ကျွန်မသည် အိမ်ရာထဲတွင် စောင်ခြုံ လှဲလျောင်းလျှက် ထိတ်လန့်ဖွယ်ကောင်းသော
တစ္ဆေပေးသောလက်ဆောင် စာအုပ် ကို စိတ်ဝင်စားဖွယ် ဖတ်နေမိသည်။ တစ်ခုတော့ရှိသည်။ ကျွန်မသည်
တစ္ဆေ၊ သရဲစာအုပ်တွေကို ကြိုက်နှစ်သက်စွာဖတ်လေ့ ရှိသော်လည်း မကြောက်တတ်။ ကျွန်မတို့အိမ်တွင်လည်း
ဖေဖေ၊မေမေ၊ ကိုကိုကြီးအပြင် မောင်လေးတို့ပါ ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မည်။
တစ်ယောက်တည်း နေရသော အခါတွင်မူ ကြောက်လန့်စိတ်ဝင်ချင် ၀င်မိပေလိမ့်မည်။
သို့သော်…
ထိုနေ့က ကျွန်မ တကယ် ထိတ်လန့်မိခဲ့တာကိုတော့ ၀န်ခံရပေလိမ့်မည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
တကယ်တော့
အချိန်သည် ၆လလောက်ကြာခဲ့ပြီဖြစ်သော်လည်း ထိုနေ့က အဖြစ်အပျက်ကို ကျွန်မ မှတ်မိနေခဲ့သည်။
အဲ့ဒီတုန်းက စာဖတ်နေရင်း မိုးကလဲ ရွာနေတော့ ချမ်းစိမ့်စိမ့်ဖြစ်လာသောကြောင့် ကော်ဖီတစ်ခွက်လောက်
ဖျော်သောက်ရန် ကျွန်မအိပ်ခန်းရှိရာ အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အိမ်အောက်ထပ်တွင်
မောင်လေးအခန်းရှိသော်လည်း မောင်လေးသည် အိမ်ကို ပြန်မရောက်သေးပါ။ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်တွင်
ဘောလုံးပွဲကြည့်ရင်း မနက် ၄နာရီလောက်မှ ပြန်လာတတ်သော ဆယ်တန်းဖြေပြီးခါစ မောင်လေးကို
ကိုကိုကြီးက
“မနက်ပဲပြုတ်သည်နှင့် အတူတူပြန်လာတဲ့အကောင်၊ ပဲပြုတ်သည်ယောက်ျား”
ဟု အမြဲစနောက်တတ်သည်။
ကိုကိုကြီးကတော့ ရုံးသမားပီပီ မနက်စောစော ရုံးသွားရမည်ဖြစ်ရာ မည်သည့်အခါမှ ညဥ့်နက်ခံပြီး
ဘောလုံးပွဲအကြည့်တတ်၊ ၀ါသနာမပါသောကြောင့်လဲဖြစ်သည်။ ဖေဖေနှင့်မေမေသည်လည်း မနက်ဈေးထဲတွင်
အထည်ဆိုင်ဖွင့်ရမည်ဖြစ်သောကြောင့် စောစောအိပ်တတ်သည်။ ကျွန်မကတော့ ထမင်း၊ဟင်း ချက်ပြုတ်ပြီး
နေ့လည်နေ့ခင်း ကျမှ ဖေဖေ၊ မေမေတို့နှင့် ဂျူတီချိန်းပြီး ညနေ ဆိုင်ပိတ်ချိန်အထိ အထည်ဆိုင်တွင်
အလုပ်လုပ်ရသူဖြစ်သည်။
ထို့ကြောင့်
မနက်ကို နဲနဲနောက်ကျမှ ထလဲဖြစ်သောကြောင့် ညဘက်ဆို ညဥ့်နက်တဲ့အထိ စာဖတ်ခြင်းဖြစ်သည်။
အခုလဲ မောင်လေး ပြန်မရောက်သေးသောကြောင်း အောက်ထပ်တစ်ထပ်လုံးကို မီးပိတ်ထားခြင်း ဖြစ်သည်။
ကျွန်မလဲ ကော်ဖီသောက်ရန် လက်နှိပ်ဓာတ်မီးလေး ကိုင်ပြီး မီးဖိုချောင်ခန်းသို့ ၀င်လာခဲ့သည်။
မီးဖိုခန်းထဲ အရောက် မီးဖွင့်ရန် မီးခလုတ်စီ လက်အလှမ်း နောက်ဖက်မီးဖိုချောင်တံခါးနားကနေ
ဖြတ်သွားသော အရိပ်တစ်ခုကို ဖြတ်ခနဲ တွေ့လိုက်သည်။
“ဟာ…”
ကျွန်မ နှုတ်က
ထွက်ကျသော အာမေဍိတ် သံသည် တိုးတိုးလေးမျှသာ ဖြစ်သော်လည်း ရင်ထဲမှာတော့ ဆူညံ့သွားသလို
ထင်မိသည်။ ကျွန်မသည် ပါးစပ်အဟောင်းသားနဲ့ ကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်ရသည်။ ကျွန်မ
ခုနတုန်းက ဖတ်နေသောစာအုပ်သည် တစ္ဆေစာအုပ်ဖြစ်သော်လည်း ကျွန်မ မကြောက်။ ဘာမှ မဖြစ်။ အခုတော့
ကျွန်မရင်ထဲ တုန်ခါသွားသည်။ ကျွန်မတွေ့လိုက်သည်က အနဲဆုံး၆ပေကျော်ကျော်လောက် အမြင့်ရှိသည့်
အရပ်နဲ့ လူအရိပ်တစ်ရိပ်။
သို့သော်
စူးစမ်းစိတ်က ကျွန်မ ကို နောက်ဖေးတံခါးကို ဖွင့်ကြည့်ဖို့ တွန်းအားပေးနေသောကြောင့်
လက်လှမ်းနေသော မီးခလုတ်ဆီမှ လက်ကို ပြန်ရုတ်လိုက်ပြီး မီးမဖွင့်တော့ပဲ ကျွန်မခြေလှမ်းများက
နောက်ဖေးတံခါးဆီသို့ တရွေ့ရွေ့လှမ်းလိုက်သည်။ တံခါးကို အသံမမြည်အောင် အသာလေးဖွင့်ရင်း
အပြင်ပတ်ဝန်းကျင်ကို ကြည့်မိသည်။ သိပ်မသည်းသောမိုးရေတွေကြားထဲမှာ အပြင်ပတ်ဝန်းကျင်လောကသည်
မှောင်မဲနေသည်။ ကျွန်မမှာ ပါလာသော လက်နှိပ်ဓာတ်မီးဖြင့် အပြင်ကို ကြည့်မိသည်။ ဘာမှမတွေ့။
အိမ်နောက်ဖေး ခြံထဲရှိ အုန်းပင်နှစ်ပင်နှင့် အ၀တ်ကြိုးတန်းတစ်တန်း။ နောက်.. မေမေစိုက်ထားသော
ခြံဘယ်ဘက်ထောင့်လေးက စိုက်ခင်းသေးသေးလေးတစ်ခု။ ရှမ်းနံနံ၊ ခရမ်းချဉ်းသီး၊ ဘူးသီးများကို
ဓာတ်မီး၏ အလင်းဖြင့် ကျွန်မ တွေ့နေရသည်။ ထို့နောက် ခြံညာဘက်ထောင့်ကို ဓာတ်မီးဖြင့်
ထိုးကြည့်သည်။ ဘာမှ မထူးခြား။ ထို့ကြောင့် ဓာတ်မီးခလုတ်ပိတ်ပြီး နောက်ဖေးတံခါးကို အမြန်
ဆွဲပိတ်လိုက်သည်။ ကျွန်မ မျက်စိအမြင်မှားတာ နေမှာပါ။ ဒါနဲ့ ကျွန်မလဲ ကော်ဖီလဲ မသောက်တော့ပါဘူးလေ
ဆိုပြီး မီးဖိုခန်းမှ ထွက်ရန် ပြန်အလှည့် ထိုအချိန် မီးဖိုခန်းသည် ရုတ်တရက် မီးလင်းသွားပြီး-
“အမ…”
“အမလေး…”
မျက်စိကို
စုံမှိတ်ပြီး အမလေး လို့အော်နေတဲ့ ကျွန်မ။ နောက် ရယ်သံကြားတော့မှ မျက်လုံးကို တဖြည်းဖြည်း
ဖွင့်ကြည့်တော့မှ တွေ့လိုက်ရတာက ကျွန်မ မောင်လေး။
“အမ အဲ့မှာ ဘာလုပ်နေတာလဲ”
မောင်လေးရဲ့အမေးကို
ကျွန်မ ချက်ချင်းမဖြေနိုင်။ ရေအိုးစင်နားသွားပြီး ရေတစ်ခွက်ကို အမြန်သောက်ပစ်လိုက်သည်။
ပြီးမှ-
“ငါလဲ စာဖတ်ရင်းကော်ဖီသောက်မလို့လေ။ အဲဒါ ကော်ဖီ ဆင်းဖျော်တာ။
ဒါနဲ့ မောင်လေး ဒီနေ့ပြန်တာ စောလှချည်လား။”
“ဟုတ်တယ်လေ။ မိုးကလဲ ရွာနေတော့ ကြည့်ရတာ ဖီးလ်မလာဘူး။ ပွဲကလဲ
နာမည်ကြီးအသင်းတွေ ကန်တာမဟုတ်တော့ သိပ်မကောင်းဘူး။ ဒါကြောင့် ပြန်လာတာ။”
မောင်လေးကတော့
ပြောပြောဆိုဆိုပင် ညစာစားဖို့ ထမင်းခူးနေသည်။
“ဒါနဲ့ အမ..ကော်ဖီဖျော်တယ်တာ ပြောတာ။ ဘာလို့ မီးပိတ်ပြီး
မတ်တပ်ကြီး ရပ်နေတာလဲ။”
“ဟို..ဟိုလေ…”
မောင်လေးက
ကျွန်မကို ပြုံးစိစိဖြင့်ကြည့်သည်။ နောက် ထမင်းကို ပလုတ်ပလောင်းစားနေရင်း-
“အမ..ရည်းစားနဲ့ ချိန်းတွေ့နေတာလား။”
“ဟဲ့..ကပေါက်တိ ကပေါက်ချာ. ရည်းစားမရှိပါဘူး.ကလေးက ကလေးလို
မနေဘူး.”
ဟု ပြောပြီးပြီးချင်း
ကျွန်မလဲ မောင်လေး ကြောက်မှာစိုးလို့ ဘာမှ မပြောပဲ အိမ်အပေါ်ထပ်သို့သာ အမြန်ပြေးတတ်လာခဲ့သည်။
ကျွန်မကသာ သူကြောက်မှာ စိုးလို့ ဘာမှ မပြောတာ။ သူကတော့ ကျွန်မကိုတောင် ရည်းစားနှင့်ချိန်းတွေ့တာလားဆိုပြီး
ပြန်နောက်သေးသည်။ ထို့နောက် ကျွန်မလဲ ကျွန်မ အခန်းထဲ ပြန်ဝင်လာပြီး အိပ်ရာပေါ်လှဲ လိုက်သည်။
သို့သော် ချက်ချင်း အိပ်မပျော်။ စာဖတ်ချင်စိတ်လဲ မရှိ။ နာရီဝက်လောက်ကြာတော့ ကျွန်မ
မှေးခနဲ အိပ်ပျော်သွားသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
“ထထ..သမီး မြန်မြန်ထ..”
ရုတ်တရက်
လှုပ်နှိုးခံလိုက်ရသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ မေမေ့ကို တွေ့လိုက်ရသည်။
“မေမေ ဘာဖြစ်လို့လဲ။”
“မေးမနေနဲ့။ မြန်မြန်အင်္ကျီလဲ။ ပြီးရင် အောက်ထပ်ဆင်းလာခဲ့။
ညည်းအဖေနဲ့ အကိုလဲ စောင့်နေတယ်။”
အိပ်ချင်မူးတူးဖြစ်နေသောကြောင့်
ဘာဖြစ်မှန်း မေမေ့ကို သေချာမမေးမိ။ အင်္ကျီလဲပြီး အောက်ထပ်ဆင်းလာတော့ ဖေဖေ၊မေမေ နဲ့ကိုကိုကြီးတို့
အိမ်ရှေ့ စတီခုံပေါ်တွင် ထိုင်နေတာ တွေ့ရသည်။
“ဟော..သမီးဆင်းလာပြီ။ လာလာ။ မြန်မြန်သွားကြမယ်။”
ပြောပြီး
ဖေဖေက ရှေ့မှ ဦးဆောင် ထွက်သွားသည်။ ကိုကိုကြီးက ကားကို မြန်မြန်မောင်းနေသည်။ မေမေကတော့
မျက်ရည်တရှုံရှုံ။ ဖေဖေကလဲ မျက်နှာမကောင်း။ အခုအချိန်ထိ ဘာဖြစ်မှန်းလဲ ကျွန်မ မသိ။
ကျွန်မ သိတာ အရမ်း အိပ်ချင်နေသည်။ လက်က နာရီကိုကြည့်မိတော့ မနက် ၂နာရီ။
ကားက ဆေးရုံဝင်းထဲ
ချိုးဝင်လိုက်တော့မှ ကျွန်မ စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ထိုအခါမှ ကျွန်မ သတိရသည်။
မောင်လေး။ ကျွန်မ မောင်လေး ကားပေါ် ပါမလာ။ ဖေဖေတို့ မောင်လေး စောစောပြန်လာတာ မသိလို့
ထားခဲ့တာလား။ ကားပေါ်က ဖေဖေနဲ့ မေမေ အရင်ပြေးဆင်းသွားသည်။ ကိုကိုကြီးက ကားကို ပါကင်ထိုးရင်း-
“ညည်းကလဲ တစ်လမ်းလုံး ငိုက်လာတယ်။ ဘာဖြစ်မှန်း တစ်ခွန်းမေးဖော်မရဘူး”
ကိုကိုကြီးက
လေသံမာမာဖြင့် ဟောက်လိုက်တော့မှ ကျွန်မက-
“မေးမလို့ပဲလေ။ အိပ်တာကတော့ အိပ်ချင်နေတာပေါ့။ အခုဘာလို့ဆေးရုံကို
လာတာလဲ”
“ဟိုကောင်လေ။ ပဲပြုတ်သည်ယောက်ျား။ နင့်မောင်။ ဘောလုံးပွဲကြည့်ပြီးအပြန်
လမ်းမှာ ချောင်းရိုက်ခံရလို့တဲ့”
“အာ.. မဟုတ်ပါဘူး။ ကိုကြီးကလဲ။ ညီမလေးနဲ့တောင် စကားပြောပြီးလို့
ထမင်းတောင် စားနေတာကိုး။ သူပြန်လာပြီးမှ ညီမလေးအိပ်တာပါ။ သူပြန်လာတာက ည၁၂နာရီထဲကလေ။”
“အိပ်ချင်မူးတူးနဲ့ မဟုတ်တာတွေ ပြောမနေနဲ့။”
ကျွန်မ ပြောတာကို
ကိုကိုကြီးမယုံပါ။
“ညီမလေးတကယ်ပြောတာပါဆို။ ည၁၂နာရီလောက်တုန်းက တကယ်မောင်လေးပြန်လာတာ။
သူနောက်တစ်ခေါက်အပြင်ပြန်ထွက်လို့ ရိုက်ခံရတာလား။”
ကိုကိုကြီးက
ကျွန်မကို ဘာမှ ပြန်မပြောတော့ပါ။ ဆေးရုံထဲသို့သာ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်သွားလေရာ
ကျွန်မမှာ မနဲ မှီအောင်ပြေးလိုက်ရသည်။ တွေ့ပြီ။ ဆေးရုံးအရေးပေါ်ခန်းထဲက ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့
မောင်လေး။ သတိတော့ ရနေပါပြီ။ ဘေးနားမှာ ဖေဖေက မောင်လေးကိုဆူနေသည်။ မေမေကတော့ မောင်လေးကို
မဆူရန် ကာကွယ်ပြောဆိုနေသည်။
“မင်း သားလေ။ ဘယ်လောက် သတိပေးပေး မမှတ်ဘူး။ မင်းက ကာဆီးကာဆီးလုပ်မနေနဲ့။
ဘယ့်နှယ် တစ်ညလဲ မဟုတ်။ နှစ်ညလဲ မဟုတ်။ နေ့တိုင်း ညဘက် အပြင်ထွက်တော့ အခုတော့ဖြစ်ပြီ
မဟုတ်လား။”
“အို..အဖေကြီးကလဲ..သားလေး ဒီလောက် ဒဏ်ရာရနေတာ..မဆူပါနဲ့တော့
ကလေးကို။”
ထိုအချိန်
ကျွန်မက မောင်လေးကို-
“မောင်လေး..နင် ဘယ်အချိန်က အရိုက်ခံရတာလဲ။”
“ည၁၂နာရီလောက်ကဖြစ်မယ်။ ဘောလုံးပွဲက မကောင်းဘူးလေ။ နာမည်ကြီး
အသင်းတွေကန်တာ မဟုတ်တော့ ကြည့်ရတာ ပျင်းလာတာနဲ့ စောစောပြန်လာတာ။ အဲ့မှာ..အနောက်ကနေ
ဘယ်သူရိုက်လိုက်မှန်းမသိဘူး။ တစ်ခါထဲ မေ့သွားတာ။”
“ဒါဆို..အခု ၂နာရီ.. နင်ဆေးရုံရောက်တာ နောက်ကျတာပေါ့.. ကြားထဲမှာ
၂နာရီလောက် ကွာသွားတာ..နင့်ကို ဘယ်သူ ဆေးရုံလိုက်ပို့လဲ”
ကျွန်မရဲ့အမေးကို
ကိုကိုကြီးက-
“ရပ်ကွက်ကင်းလှည့်သမားတွေ တွေ့လို့လေ။ သူ့ကိုအရင်ဆေးရုံပို့ပြီး
အိမ်ကိုဖုန်းဆက်တာ။ မိုးကလဲ ရွာ၊ လမ်းကလဲလူပြတ်တော့ အချိန်ကြာမှ လမ်းပေါ်မှာ လဲနေတဲ့
သူ့ကိုတွေ့တာလေ။”
“မောင်လေး.. နင်.. နင်.. ည ၁၂နာရီ အိမ်ပြန်ပြီးမှ တစ်ခေါက်ပြန်ထွက်သွားတာလား။”
“ပေါက်ပေါက်ရှာရှာ အမ ကလဲ.. မပြန်ပါဘူး.. အိမ်အပြန်လမ်းမှာတင်
အရိုက်ခံရတာ.. ဘယ်လိုလုပ်ပြန်နိုင်မှာလဲ..”
“အေးလေ..”
မောင်လေးရဲ့အဖြေကို
ကိုကိုကြီးကပါ အေးလေ.ဟု ထောက်ခံလိုက်သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
ကျွန်မ မတ်တပ်ရပ်နေရင်း
ဒူးတွေချောင်လာသည်။ ဒါ… ဒါဆို.. ထမင်းစားခန်းထဲမှာ တွေ့ခဲ့တာ
မောင်လေးအစစ် မဟုတ်ဘူးပေါ့။ ထမင်းတွေ ပလုပ်ပလောင်းစားရင် ကျွန်မကိုရည်းစားနဲ့ ချိန်းတွေ့နေတာလားဆိုပြီး
စနောက်ခဲ့တာ မောင်လေး မဟုတ်ဘူးပေါ့။ ည၁၂နာရီမှာ ကျွန်မ ထမင်းစားခန်းထဲမှာ တွေ့ခဲ့တာ
မောင်လေး မဟုတ်ဘူးဆိုရင်... ဒါ.. ဒါဆို.. ဘယ်သူလဲ။
ဘယ်သူလဲ။
အားးးးးးးးးးးးးးးးးးးးးး………………
+++++++++++++++++++++++++++++++++++++++++++++++++++++++++
ကျွန်မ လောကနဲ့
ခေတ္တခဏ အဆက်သွယ်ပြတ်သွားသည်။ ထို့နောက် ကျွန်မ ပြန်သတိရလာတော့ ကျွန်မ အခန်းထဲရှိ ခုတင်ပေါ်တွင်
ကျွန်မ ပြန်ရောက်နေခြင်းဖြစ်သည်။ ကျွန်မရင်ဘက်ပေါ်မှာလဲ စာအုပ်တစ်အုပ်။ ညကဖတ်သော တစ္ဆေပေးသောလက်ဆောင်
စာအုပ်။
ထိုအချိန်
မေမေ အခန်းထဲသို့ ၀င်လာသည်။
“သမီးရေ. ထတော့လေ။ သမီးကိုကိုကြီးတောင် အလုပ်သွားပြီ။ မေမေနဲ့ဖေဖေလဲ
ဆိုင်ဖွင့်ဖို့ သွားတော့မှာ။”
“မောင်.မောင်လေးရော..”
အထစ်ထစ်အငေါ့အငေါ့
မေးလိုက်တဲ့ ကျွန်မကို မေမေက-
“ညည်းမောင်.သူ့အခန်းထဲမှာလေ။ ထုံးစံအတိုင်း မနက် မှ ပြန်လာပြီး
အိပ်နေလေရဲ့။”
“ဒါဆို..ဒါဆို.. ညက မောင်လေး ဘာမှ မဖြစ်ဘူးနော်။”
“ဘာဖြစ်ရမှာလဲ။ ဘာမှ မဖြစ်ဘူးလေ။”
ထိုအချိန်
မေမေက ကျွန်မ ရင်ဘက်ပေါ်မှ စာအုပ်ကို ယူလိုက်ရင်း-
“အဲ့လို မဟုတ်တရုတ် စာအုပ်တွေဖတ်။ ပြီးရင် စိတ်ကူးယဉ်။ ဘာမှ
လဲ အကျိုးရှိတာ မဟုတ်။ အခုလဲ ကြောင်တောင်တောင်ဖြစ်မနေနဲ့။ ထတော့။ မေမေတို့ ဆိုင်သွားရတော့မှာ။
မြန်မြန်ထ။”
ပြောပြောဆိုဆိုဖြင့်
အခန်းထဲမှ ထွက်သွားသော မေမေ့ကိုကြည့်ရင်း ကျွန်မ ပြုံးလိုက်မိသည်။ တော်သေးတာပေါ့။ အိမ်မက်ဖြစ်နေလို့။
တော်တော်လန့်သွားတာပဲ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
တစ္ဆေပေးသောလက်ဆောင်
စာအုပ်ကို ဖတ်ရင်း အိပ်ပျော်သွားသောကြောင့်
တစ္ဆေက တကယ်ပဲ ဒီအိမ်မက်ကို လက်ဆောင်အဖြစ် ပေးခဲ့တာလား။ ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။
ဘာဖြစ်ဖြစ် လက်တွေ့မဟုတ်ပဲ အိမ်မက်ဖြစ်နေတာသောကြောင့် ထိုအိမ်မက်လက်ဆောင်ပေးသော တစ္ဆေ
ကိုပင် ကျွန်မ ကျေးဇူးတင်မိပါသည်။။။