ကိုယ်သောက်နေတဲ့ကော်ဖီစိမ့်စိမ့်တစ်ခွက်မှာပဲ ခါးသီးခြင်းတွေလာလာ အရောဝင်တယ်
ကိုယ်မက်နေတဲ့အိမ်မက်ညိုညိုမှာပဲ မဲပြာရောင်နတ်ဆိုးတွေ လာလာ ကျူးကျော်ကြတယ်
ကိုယ်ဟာ ဘာမှမဟုတ်
အဲ့ဒီ့ဘာမှမဟုတ်တာတဲ့ ကိုယ်ကပဲ သားကောင်တစ်ကောင်ဖြစ်ခဲ့တယ်...
တစ်ခါတစ်လေ ကိုယ်တွေးတယ်
တစ်ခါတစ်လေ ကိုယ်ငေးတယ်
အတွေးတွေထဲ ငေးရင်း
ငေးလျက်တွေးရင်း
အမှတ်မရှိတဲ့ ကိုယ့်စိတ်ဝင်္ကပါမှာ စိတ္တဇကာရန်တွေသာ ရစ်ဝဲ၀ဲလည်တယ်...
ကိုယ်ဟာရင့်ကျက်မလိုနဲ့ ကလေးဆန်တယ်
နူးညံ့မလိုနဲ့ ကြမ်းရှတယ်
ခပ်ထွေထွေပြောရရင်
ကိုယ့်ဒိုင်ယာရီထဲမှာ အလင်းကို ထာဝရအမှောင်ချထားရင်း
ဂျူးလိယက်ရဲ့အသားတစအဖြစ် ကိုယ်အသက်ရှူတယ်...
ကိုယ်ရယ်တဲ့အခါတိုင်း မျက်ရည်တွေက ပျော်မြူးတယ်
ကိုယ်ငိုတဲ့အခါတိုင်း နှလုံးသားက အဆိပ်တွေထွက်တယ်
ကိုယ်စဉ်းစားမိတယ်
ဘာကြောင့်များ
ဒီတိမ်တဆုပ်ကျိန်စာက အဲ့ဒီ့လောက်ဒဏ်ရာပြင်းခဲ့လဲဆိုတာ...
ကိုယ့်အတွက်စကားလုံးတွေရှားတယ်
ကိုယ့်အတွက်ချိုမြိန်မှုတွေရှားတယ်
ကိုယ့်အတွက်အပေါဆုံးက ဝေဒနာတွေ
ကိုယ်အရဆုံးက ဟန်ဆောင်မှုတွေ...
လူတွေကိုယ့်ကို မုန်းတယ်(အထူးသဖြင့် သူ...)
ကိုယ်ကလူတွေကိုကြောက်တယ်(အထူးသဖြင့် သူ...)
ကိုယ့်ရဲ့အငုံစိတ်ထဲတောင်
ကိုယ်ကအမြဲ
ကခုန်ရင်း ကျရှုံးနေသူတစ်ယောက်...
ဘာကိုမှ မတူးဖော်ဘူး
ဘာကိုမှ တံဆိပ်မတပ်ဘူး
အလိုလိုနေရင်း လျှံကျတတ်တဲ့မျက်ရည်တွေကြားကပဲ
လွင့်ကျသွားတဲ့ အချစ်တစ်ပွင့်အတွက်
ကိုယ်လမ်းလျှောက်ရင်း လမ်းပျောက်သလိုလုပ်နေမယ်
ဒီကျိန်စာအတွက် ကိုယ်ဒီလောက်တော့ ပေးဆပ်သင့်ပါတယ်...။။။

4 comments:
နှင်းဆီလေးရဲ့ ကဗျာတွေဖတ်ရတာ တကယ့်ဖီးအပြည့်ပဲ။
လမ်းလျှောက်ရင်းလဲ လမ်းပျောက်သလို လုပ်နေမယ်တဲ့
စကားလုံးတွေရှားတာတောင် ကဗျာချိုချိုလေးထွက်တယ်။
တစ်ခါတစ်လေ ကိုယ်တွေးတယ်
တစ်ခါတစ်လေ ကိုယ်ငေးတယ်
အတွေးတွေထဲ ငေးရင်း
ငေးလျက်တွေးရင်း------ဒီဆိုဒ်လေးကိုရောက်ခဲ့တယ်
"လွင့်ကျသွားတဲ့ အချစ်တစ်ပွင့်အတွက်
ကိုယ်လမ်းလျှောက်ရင်း လမ်းပျောက်သလိုလုပ်နေမယ်
ဒီကျိန်စာအတွက် ကိုယ်ဒီလောက်တော့ ပေးဆပ်သင့်ပါတယ်...။။။" ... လွမ်းမောဖွယ်ကဗျာလေးကို လာရောက်ဖတ်ရှုခဲ့ပါတယ် မမရေ ...
ဘာကိုမှ မတူးဖော်ဘူး
ဘာကိုမှ တံဆိပ်မတပ်ဘူး
ကိုယ်ဟာရင့်ကျက်မလိုနဲ့ ကလေးဆန်တယ်
နူးညံ့မလိုနဲ့ ကြမ်းရှတယ်
အမှတ်မရှိတဲ့ ကိုယ့်စိတ်ဝင်္ကပါမှာ
စိတ္တဇကာရန်တွေသာ ရစ်ဝဲ၀ဲလည်တယ်...
Post a Comment