ရာနှုန်းမပြည့်ပဲ ရွာချခဲ့တဲ့
ဘ၀မိုးစက်တွေအောက်
မေတ္တာတရား ချို့တဲ့ တဲ့ဘဝ
ဝေါဟာရတွေမပြည့်စုံသလို
အမေ သိအောင် ပြန်ရေးပြဖို့
စာရွက်တွေလဲ မလုံလောက်ခဲ့ပါဘူး။
ချောက်နှုတ်ခမ်းဘေး ကြိုးတန်းလျှောက်ခဲ့တာ ကြာပါပြီ အမေ။
တကယ်ဆို မီးတောက်တွေထဲ ခုန်ဆင်းခဲ့ရင်တောင်
ဒီလောက် ပူလောင်မယ် မထင်ဘူး။
အာစေးမိနေတဲ့ နှုတ်ခမ်းနဲ့
ကန်းချင်ယောင်ဆောင်မျက်လုံးတွေကြား
ခန္တီပါရမီ လက်ဆွဲလို့
မညီညာတဲ့ဒီလမ်းခရီးကို
ဟာတာတာရင်ခွင်နဲ့
ယိုင်တိုင်တိုင်လျှောက်နေဆဲပါ အမေ။
အသက်ရှူကြပ်တဲ့ နေ့ရက်တိုင်း
အငိုမျက်ရည် အပြုံးမျက်နှာနဲ့
ခေလှတဲ့ ကံကို အံကြိတ်ခံရင်း
မာယာလှည့်ကွက်အောက် ကျရှုံးခဲ့တဲ့ အမေ့သမီး
အခုထိ ၂၄နာရီပြဿဒါးရက်တွေကို
ချိုတစ်လှည့် ခါးတစ်လှည့် ကျော်ဖြတ်လို့
တွယ်ရစ်ခြင်းကင်းတဲ့ စိတ်တစ်ခုပိုင်ဖို့
ဆုတောင်းနေမိတယ် အမေ။
အခုဆို ရတဲ့ နောင်တတွေက ပြင်းရှလွန်းလို့
နူးညံ့ဖို့လဲ မကြိုးစားချင်တော့ဘူးအမေ။
ရာသီတစ်လှည့် တစ်ပတ်ပြည့်ရင်တော့
အသက်မဲ့တဲ့ စိတ်တစ်ခုနဲ့
ဟို အရင် ကလေးလေးလို
အမေ့ရင်ခွင် ပြန်နားခွင့်ရချင်တယ်
အားလုံးကို ပြတ်သားနိုင်တဲ့ တစ်နေ့နေ့ပေါ့...။။။
3 comments:
အမေကိုမျက်ဝါးထင်ထင်တွေ့လိုက်ရသလိုခံစားလိုက်ရတယ်
ခုတန်းပလိပ်လေးကပိုပြီးလှနေတယ်ရွှေးတတ်တယ်
အဲ့ဒါ ဦးညီကျေးဇူးတွေကြောင့်ပါ။ နှင်းဆီက ဘာမှလုပ်တတ်ဘူးရယ်း)
Post a Comment