ဒီနေ့မနက်က မိုးတွေ သည်းသည်းမဲမဲရွာတယ် မောင်။
တကယ်လို့ ရုတ်တရက်မိုးချိန်သံကိုသာ မေ မကြားရဘူးဆိုရင်
မေ့ စိတ်ကူးထဲမှာ မောင်နဲ့မေ ချစ်သူဖြစ်နေတုန်းပဲလို့ မေ ထင်မိမှာပဲ။
အခုတော့ မေ့ အခန်းပြတင်းပေါက်ကနေ အဝေးကို လှမ်းကြည့်ပြီး
စိတ်ကူးထဲ မျောလွင့်နေတဲ့မေ့ကို မိုးချိန်းသံတစ်ခုက မေနဲ့မောင် ဝေးကွာခဲ့ပြီ ဆိုတာကို
သတိပေးသလို ဖြစ်နေတယ်။
ဟုတ်တာပေါ့လေ။
တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေအောက်မှာ စတင်ဆုံတွေ့ခဲ့ပြီး
လေပြင်းတွေတိုက် မိုးတွေချိန်း လျှပ်စီးတွေလက်တဲ့ အပြင်းစားမိုးရေတွေအောက်မှာပဲ မေနဲ့မောင်
လမ်းခွဲခဲ့တာ။
ဒီနေ့က မထင်မှတ်ပဲ မိုးတွေရွာတဲ့နေ့။ အမှတ်တမဲ့ဖြစ်နေတဲ့
မေနဲ့မောင် လမ်းခွဲတာတစ်နှစ်ပြည့်တာနေ့။
၁နှစ်ရှိပြီ။
၁၂လရှိပြီ။
၃၆၅ရက်ရှိပြီ။
"မောင် မရှိရင် မေ ဘယ်လိုနေရမလဲ"
လို့ အမြဲတမ်းမောင့်အပေါ် ချွဲချွဲနွဲ့နွဲ့ ပြောခဲ့ပေမဲ့
အခုတော့ မောင်မရှိတဲ့ ကာလတွေမှာ ပုံမှန်ထက် နဲနဲလေးလွဲနေတဲ့ နေထိုင်မှု ပုံစံနဲ့ မေ
ရပ်တည်ခဲ့ပါတယ်။
နေရာကတော့ စိမ်းလန်းသာယာတဲ့ ပြင်ဦးလွင်မြို့လေးမှာပေါ့။
မေ့ စိတ်တွေ ပျော်နေမယ်လို့များ မောင် ထင်နေမလားကွယ်။
***********************************************************************************************
အဲဒီနေ့က မိုးဖွဲဖွဲလေးရွာနေတယ်။
MD က အစည်းအဝေးရှိတယ်ပြောလို့ မေတို့ ၀န်ထမ်းတွေအားလုံး
meeting room ထဲမှာ ထိုင်နေကြတယ်။
ခဏနေတော့ MD နဲ့အတူတူ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ပုဆိုးနဲ့အော်တာရှပ်ကို
သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မောင် တို့ meeting room ထဲဝင်လာကြတယ်။
MD ရဲ့ မိတ်ဆက်ပေးမှုကြောင့် မောင်က MD ရဲ့ တူအရင်းဖြစ်တယ်ဆိုတာရယ်
မေတို့ စာရင်းစစ်ဌာနမှာ အဖွဲ့မှူး ခေါင်းဆောင်အနေနဲ့ အလုပ်ဝင်မယ် ဆိုတာတွေပါ သိလာရတယ်။
မှတ်မှတ်ရရ အဲ့နေ့က မိုးဖွဲဖွဲလေးရွာနေသလို မောင့်နာမည်ကလဲ
မိုးစက်နိုင် တဲ့။
သီရိမေ ဆိုတဲ့ မေ့ကို သူများတွေ ခေါ်သလို သီရိလို့ မခေါ်ပဲ
မေ လို့ခေါ်ပြီး မိတ်ဖွဲ့လာတဲ့မောင့်ကြောင့် ရုံးက လူတွေကပါ သီရိ ကနေ မေ လို့ ပြောင်းလဲပြီးခေါ်ကြသလို
မောင်နဲ့မေ့ကို ရှေ့တင်ရော ကွယ်ရာပါ စနောက်တတ်ကြတာ။
ဘယ်တော့မဆို ရိုးရိုးအေးအေးနဲ့ စကားကို ချိုချိုသာသာပြောတတ်တဲ့
မောင်နဲ့ အလိုမကျတိုင်းဂျစ်ကန်ကန်စူပုတ်ပုတ်မျက်နှာထားမျိုး လုပ်တတ်တဲ့မေ့ တို့၂ယောက်
အကျင့်စရိုက် မတူပေမဲ့ ချစ်သူတွေ ဖြစ်ခဲ့တာ။
"မေ့ကို ဘာလို့ချစ်တာမောင်"
ဟုမေးတိုင်း
"မေရဲ့ ထောင့်မကျိုးတဲ့ ပုံစံလေးကို အသည်းယားပြီး
ချစ်တာ"
ဆိုပြီး ပြန်ဖြေတတ်တဲ့ မောင်ပါ။
***********************************************************************************************
မေ တို့၂ယောက် စရိုက်မတူမှန်း အစကတည်းက မောင်ရော မေပါ သိနေခဲ့တာ။
ဖတဆိုးသမီးလေးမို့လို့ အိမ်က အမေနဲ့အဒေါ်တွေ ကြားထဲမှာ ဆိုးချင်သလိုဆိုးနွဲ့နေတဲ့
မေနဲ့ စည်းကမ်းတင်းကျပ်သော ကျောင်းဆရာ ဆရာမ လင်မယားရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ တစ်ဦးတည်းသော
သားဖြစ်တဲ့ မောင် ဟာ အလွန်ပဲ ချစ်သူကို ချစ်မြတ်နိုးတတ်တဲ့ ယောက်ျားတစ်ယောက်ပါ။
မေ ဂျီကျ ဆိုးနွဲ့သမျှ မောင်သည်းခံခဲ့တာ။ မေ စိတ်တိုတိုင်း
လူကြားမရှောင် သူကြားမရှောင် ကျောခုံးကို ထုရိုက်သမျှ အပြုံးမပျက် မောင် နေနေခဲ့တာ။
မေ ဘယ်လောက်ပဲ အော်ဟစ်သမျှ မောင် အပြစ်မမြင်ခဲ့တာ။
မေကတော့…မောင့်အမြင်မှာ.. ပတ်ဝန်းကျင်
အမြင်မှာ လူဆိုးမလေး တစ်ယောက်ပေါ့။
ဒါပေမဲ့ မောင်.. မေ..မေလေ.. မောင့်တစ်ယောက်ထဲ ကိုသာ ချစ်တာပါ။
***********************************************************************************************
အခုဆို မေ စောစောစီးစီး အိပ်ရာထတတ်နေပြီ မောင်။
ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်ရင်း မနက်ခင်းရဲ့အရသာကို
ပြည့်ပြည့်၀၀ ခံစားတတ်နေပြီ။
အရင်ကဆို ရန်ကုန်မှာနေတုန်းက မောင်ပဲ မေ့ကို မနက်တိုင်း
ဖုန်းဆက်နှိုးတာတောင် မေ အိပ်ရာက မထချင်ခဲ့ဘူးလေ။
"အိပ်ရာထတော့ မေ .. မောင်တို့ ကန်တော်ကြီးတစ်ပတ် လမ်းလျှောက်ရအောင်"
လို့ မောင်ပြောတိုင်း
"အာ… ကျွတ်.. မောင်ကလဲ.. ဒီမှာအိပ်လို့ကောင်းနေတာကို..
မလိုက်ဘူးကွာ.. လမ်းလဲ မလျှောက်ချင်ဘူး"
ဆိုပြီး စောစောစီးစီးဖုန်းဆက်နှိုးတတ်တဲ့ မောင့်ကို ဒေါသတကြီး
အော်ပြောတဲ့ မေ့အသံတွေက မောင့်နားထဲ မချိုမြိန်ခဲ့ဘူးဆိုတာ မေ သိပါတယ်။
မနက်ခင်း အိပ်ရာစောစောထပြီး လမ်းလျှောက်တာ ကျန်းမာရေးနဲ့
ညီညွှတ်ကြောင်း ကိုယ်ရောစိတ်ပါ လန်းဆန်းစေကြောင်း ကန်တော်ကြီးကနေ ရွှေတိဂုံဘုရားကို ဖူးမျှော်ရတာ
ဘယ်လောက်တောင် စိတ်ကိုငြိမ်းချမ်းစေကြောင်း စတဲ့ မောင်ရဲ့ စကားသံတွေကလဲ ဟိုတုန်းက မေရဲ့
နားထဲမှာ ဆူညံတယ်လို့ထင်ခဲ့တာ။
"မေ… မနက်စောစော လမ်းလျှောက်မယ်နော်…"
"အစားကို ပုံမှန်စား…
နောက်ပြီး အချဉ်အစပ်တွေ မစားနဲ့… မေ ခဏခဏ ဗိုက်အောင့်တာ မောင်
မကြိုက်ဘူး…
မောင့်ကိုချစ်ရင် မောင့်စကားကို နားထောင်နော်…"
"မေ ရခိုင်မုန့်တီကို အဲလို ငရုတ်သီးတွေနဲ့ မသောက်ရဘူး…"
"ဟာကွာ..မေရာ.. အဲဒါတွေ မစားပါနဲ့ဆိုတာကို..ပေး..
လွှင့်ပစ်မယ်…"
"မေ ညဆို..ဘုရားရှိခိုးပြီးမှ အိပ်နော်.."
စတဲ့
မောင်ရဲ့ စကားတွေကို ရှုံမဲ့မဲ့မျက်နှာနဲ့နားထောင်ပြီး
နှုတ်ခမ်းစူ ပုတ်ပွနေတဲ့မျက်နှာနဲ့ မေ့ကို မောင်က
"မေက ကလေးလဲ မဟုတ်ဘူး..မောင့်ထက် အသက် ၂နှစ်လဲ ကြီးတယ်..ဒါတောင်
မေက
ကလေးဆန်နေတုန်းပဲ.. ဘာဖြစ်ဖြစ် မေ ကလေးဆန်တာ ချစ်ဖို့ကောင်းတယ်..
သိလား…"
လို့ ပြောခဲ့တာတွေ မေ့ နားထဲ အခုထိ ကြားယောင်နေတုန်းပဲမောင်။
***********************************************************************************************
မေလေ.. မေနဲ့မောင့်ရဲ့ ခရီးလမ်းဟာ သိပ်ကိုသာယာမယ်.. ကြည်နူးမယ်လို့
ထင်ခဲ့တာ။
ဘ၀ဆိုတာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းမဖြစ်တာ အခုမှ မေ လက်ခံရတော့မယ်
မောင်။
အဲ့ဒီနေ့က မေ သိပ်ကို အံ့သြတုန်လှုပ်ခဲ့တယ် သိလား...။
တစ်နေကုန် မေ့ စိတ်တွေ ဂယောက်ချောက်ချား ဖြစ်နေခဲ့တာ။
မောင် နဲ့ လမ်းခွဲဖို့ မေ ဘယ်တုန်းကမှ စိတ်မကူးပေမဲ့ အဲ့ဒီနေ့က
မေ မောင့်ကို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ။
မောင် ကတော့ ထင်နေမှာပဲ။
မေဟာ ယုတ်ညံ့တဲ့၊ သစ္စာမရှိတဲ့ မိန်းမတစ်ယောက်ဆိုတာ။
အမှန်တော့ မောင့်ကို မေ က ထားရစ်ခဲ့တာ မဟုတ်ပါဘူး။
မေ က သာ နေရစ်ခဲ့ရသူပါ။
ဖြစ်ချင်တော့ အဲဒီ့နေ့က မိုးတွေ သည်းသည်းမဲမဲရွာနေတာ။
မောင့်ကို စောစောစီးစီး မေကပဲ ဖုန်းဆက်နှိုးလိုက်တာ။
"မောင်ရေ…ထတော့.. မေ တို့လမ်းလျှောက်ရအောင်…"
"ဟာ..မေ.. ဒါက မိုးတွင်းကြီးလေ.. ဘယ်လိုလမ်းလျှောက်မလဲ…"
"အာ..မရဘူး.. မိုးကာအင်္ကျီဝတ် ထီးဆောင်းပြီး လမ်းလျှောက်မယ်..
ဒါပဲ.."
ဆိုပြီး ပြောချင်ရာပြောပြီး ဖုန်းကို ဂွပ်ခနဲ မြည်အောင်ချလိုက်တဲ့
မေ့ဟာ မောင့်အပေါ် နောက်ဆုံးအနေနဲ့ ဆိုးနွဲ့ခြင်းဆိုတာ မောင် ရိပ်မိမှာ မဟုတ်ဘူး။
ကန်တော်ကြီးက ခုံတန်းလျားလေးမှာ မေနဲ့ ညီညီ ထိုင်နေတာ ၁၅မိနစ်ကျော်မှ
မောင် ရောက်လာတယ်။
မိုးကာ အပြာရောင်လေးနဲ့ မောင်ဟာ မေ့ မျက်စိထဲမှတော့ ချစ်ဖို့ကောင်းနေပါတယ်။
"မေ..ရောက်နေတာကြာပြီလား..ဆောရီးကွာ..မောင် နဲနဲနောက်ကျသွားတယ်..ဒါနဲ့
သူက ဘယ်သူလဲ.."
မေ့ ဘေးနားမှာထိုင်နေတဲ့ ညီညီ့ကို လက်ညိုးထိုးရင်း မေးလိုက်တဲ့မောင့်ကို
"သူက ညီညီတဲ့… မေ့ချစ်သူပေါ့…"
"ဘာ…."
မောင်ရဲ့အော်သံက မိုးရေတွေကြားထဲမှာ သိပ်မကျယ်လောင်ခဲ့ပါဘူး။
ညီညီကတော့ မတုန်မလှုပ်ထိုင်နေတယ်။
"မေ ပြောချင်တာ မေနဲ့မောင် ဒီနေ့က စပြီး လမ်းခွဲကြတာပေါ့။
မဟုတ်ဘူး။ လမ်းခွဲတာ မဟုတ်ဘူး။ မေက မောင့်ကို မချစ်တော့လို့ စွန့်ပစ်လိုက်တာ။"
မေရဲ့ စကားသံတွေကို မောင် က အေးအေးဆေးဆေးပဲ နားထောင်ခဲ့တယ်။
ဒါပေမဲ့ မောင့်မျက်ဝန်းတွေ သိပ်ပြီး ကြေကွဲနေတာ မေ သိတာပေါ့။
"ကောင်းပြီလေ.. ပေးဆပ်ခဲ့တဲ့အချစ်တွေအတွက် ရလဒ်ကို
မောင် လက်ခံလိုက်ပါ့မယ်…"
လို့ပြောပြီး မေ့ကို ကျောခိုင်းလှည့်ထွက်သွားတဲ့မောင့်ကိုကြည့်ရင်း
မိုးရေတွေနဲ့ အတူ မေ့မျက်ဝန်းမှာ မျက်ရည်တွေပါ ကျနေတယ်ဆိုတာ မောင်မသိနိုင်တော့ဘူးပေါ့။
ညီညီက ကျွန်မပခုံးကိုကိုင်ပြီး
"နင် ကို ငါ နားလည်ပါတယ် သူငယ်ချင်းရာ….
ပြန်ကြရအောင်နော်…"
ဆိုပြီးပြောတဲ့စကားကို မေ့နားထဲ မကြားတစ်ချက် ကြားတစ်ချက်။
မောင်ထင်နေမှာပါ။
မေ ဟာ မောင့်ကို ရက်ရက်စက်စက် ထားခဲ့တဲ့ သူပေါ့ မောင်။
***********************************************************************************************
"အန်တီသဘောကတော့ အန်တီ့သားနဲ့ မင်းကို ဘယ်လိုနည်းနဲ့မှ
သဘောမတူနိုင်ပါဘူး.."
"ဘာဖြစ်လို့လဲ အန်တီ…"
"မင်းရဲ့ စရိုက်ကို မကြိုက်လို့ပေါ့.. သားအပေါ် အနိုင်ယူနေတာတွေ
အန်တီမကြိုက်ဘူး...အန်တီတို့အတွက် ငွေကြေး ဂုဏ်ပကာသန ဘာမှ မလိုဘူး.. တစ်ခုပဲ.. လိမ်မာယဉ်ကျေးတဲ့
မိန်းမပီသတဲ့ မိန်းကလေးမျိုးကိုပဲ အန်တီချွေးမ တော်ချင်တယ်.."
ဒေါ်မြမြဦး။ အထက်တန်းပြ ဆရာမကြီး။ ရုပ်ရှင်မင်းသမီး အကယ်ဒမီ
စိုးမြတ်သူဇာလို ထောင်ထောင်မောင်းမောင်း ကျက်သရေအမတန်ရှိတဲ့ အမျိုးသမီး။
မေ့ရဲ့ ချစ်လှစွာသော မောင့် ရဲ့ မေမေ။
မေနဲ့ ၂ယောက်ထဲ တွေ့ပြီးအေးဆေးစကားပြောရအောင် ကမ်းလှမ်းလာတာကြောင့်
မောင့်ကို မပြောပဲ မောင့်မေမေနဲ့ ကော်ဖီဆိုင်မှာ တွေ့ခဲ့ကြတယ်။
မေ့နဲ့မောင်ဟာ အဆင့်အတန်းသိပ်မကွာပါဘူး။
မေတို့ထက် မောင်ဟာ နဲနဲပိုချမ်းသာတယ်။
နောက်တစ်ခုက မေ့ မေမေက သာမန်မိန်းမတစ်ယောက်။ ရပ်ကွက်ထဲမှာ
စတိုးဆိုင် သေးသေးလေးဖွင့်ထားတဲ့သူ။
မောင့်မေမေကတော့ အထက်တန်းပြ ကျောင်းဆရာမ။ မောင့်ဖေဖေသည်လည်း
အထက်တန်းပြ ကျောင်းဆရာ။
နောက်ပြီး မျိုးရိုးစဉ်ဆက်အလိုက် ချမ်းသာသူ။
မေတို့ကတော့ ဘွဲ့တွေ ဂုဏ်ထူးတွေမရှိတဲ့ သာမန် ငွေကြေးပြည့်စုံသူ။
မေ တို့အသိုင်းအ၀ိုင်းမှာ မေ တစ်ယောက်သာ ဘွဲ့ရပညာတတ်သူ။
ဟော… မောင့်မေမေ ပြောတာက မိန်းမ
မပီသလို့ သဘောမတူနိုင်တာတဲ့။ မောင့်မေမေရဲ့ စကားကို နားထောင်ရင်း မေ့ရဲ့ ထုံးစံအတိုင်း
ဂျစ်ကန်ကန် စရိုက်က ပေါ်ထွက်လာတယ်။
"ဒါဆိုလဲ… အန်တီ့သားကို အန်တီနိုင်အောင်
ထိန်းပေါ့.. မေ့ဘက် မပါအောင် မထိန်းနိုင်ရင်တော့ အန်တီ့ချွေးမ မတော်ချင်လဲ မရဘူးဆိုတာ
အန်တီ မှတ်ထားပါ။"
လူကြီးတစ်ယောက်ကိုပမာမခန့်ပြောလိုက်မိတဲ့ စကား။
မေ ရဲ့ အဲဒီ့စကားလုံးကြောင့် မောင့် မေမေဟာ မေ့ကို ဒေါသဖြစ်ပြီး
မူးလဲသွားခဲ့ရတယ်။
မေ ကိုယ်တိုင် ဆေးခန်းလိုက်ပို့ခဲ့ပြီး ဆရာဝန်ပြောတဲ့စကားကို
ကြားခဲ့ရတာ။
မောင့်မေမေမှာ နှလုံးရောဂါရှိတယ် ဆိုတာ။
ရုပ်ရှင်တွေ ဗီဒီယိုတွေ ထဲကလို မိဘမှာ နှလုံးရောဂါရှိလို့
ချစ်သူနှစ်ဦးဝေးကြတယ် ဆိုတဲ့ အဖြစ်မျိုး မေ အဖြစ်မခံနိုင်တာ။
ဒါပေမဲ့...
ဒါပေမဲ့...မောင်.. ကံကြမ္မာက မေ့ကို မျက်နှာသာ မပေးခဲ့ဘူး။
***********************************************************************************************
မောင့်မေမေကို ဆေးခန်းမှာထားခဲ့ပြီး ပြန်အထွက် မေ့ ဗိုက်တွေ
မတရား ထိုးအောင့်လာခဲ့တယ်။
မခံနိုင်အောင် အောင့်တဲ့အတွက် မေ ဆေးခန်းမှာ ဆရာဝန်နဲ့
ပြခဲ့တယ်။
အရင်ကတည်းက ဗိုက်အောင့်အောင့်တတ်တာကို ဒိုင်ဂျင်းလေးစားလိုက်
လေနာပျောက်ဆေးလေးသောက်လိုက်နဲ့ သက်သာသလို နေခဲ့တာ။
ဆေးခန်းမပြခဲ့တာ။
အခုတော့ ဆေးခန်းမှာလဲ အဆင်သင့်ရောက်နေတော့ ဆရာဝန်နဲ့ သေချာစစ်ဆေးလိုက်တဲ့အခါ…။
***********************************************************************************************
မေ ဟာ သေရမဲ့နေ့ကို လက်ချိုးရေပြီး စောင့်နေတဲ့သူပါ မောင်။
မေ့မှာ အစာအိမ်ကင်ဆာ ဖြစ်နေပြီလေ။
မေ နဲ့ မောင် လမ်းခွဲခဲ့တာ မောင့် မေမေကတော့ ပျော်နေမှာပါ။
မောင်ကရော.. မောင်ကရော.. ပျော်နေမှာလား…ဟင်…
မေ မမေးချင်ဘူး။
မေ မှာ့ရောဂါရှိနေတာ မောင့်ကို မသိစေချင်ဘူး။
မောင် သာ သိရင် မေ့ကို ဘာရောဂါပဲဖြစ်ဖြစ် လက်ထပ်မယ်ဆိုတာ
သိနေပေမဲ့ မောင်နဲ့ခဏတာ ပေါင်းပြီး မုဆိုးဖိုအဖြစ် ကျန်ခဲ့မဲ့မောင့်မျက်နှာကို မေ မမြင်ချင်ဘူး။
မောင့်စိတ်ထဲ မေ့ကိုနာကျည်းပြီး မောင့်အပေါ် ချစ်မဲ့ အခြားမိန်းကလေးတစ်ယောက်နဲ့
မောင် ပျော်နေတာကိုပဲ မေ မြင်ချင်ပါတယ်။
မေ ကတော့ ရန်ကုန်နဲ့ဝေးတဲ့ ပြင်ဦးလွင်ဆိုတဲ့ မြို့ကလေးမှာ
သေမင်းလာခေါ်မဲ့နေ့ကို စောင့်နေတယ်မောင်။
မေ မကြောက်ပါဘူး။
နှလုံးသားထဲမှာတော့ မောင့်ကို ချစ်တဲ့ အချစ်တွေ အပြည့်နဲ့ပေါ့။